ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မဒီးယာန်ရွာမှာ စစ်ကောင်စီတပ်နဲ့ KIA တို့ ဇူလိုင်လ ၁၁ ရက် ဒီကနေ့ မနက် ၉ နာရီကစလို့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗန်းမော်မြို့နယ်က တက်လာတဲ့ အင်အား ရှစ်ဆယ်ကျော်ရှိ စစ်ကောင်စီတပ်ကို မဒီးယာန်ရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက် ကျဆုံးမှုရှိပေမယ့် တိတိကျကျ မသိရသေးဘူးလို့ မဒီးယာန်ရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တယ် ဟုတ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်နေကြတယ်။ ရွာထဲလည်း ထိမယ်လို့ ထင်တယ်။ နမ်ဆန်ယန်ကို ဗန်းမော်ဘက် လာပေါင်းတဲ့ စစ်ကြောင်းလို့ ပြောလို့ရတယ်။ အဲဒါကို KIA ဘက်က တိုက်ပွဲဖော်ပြီး တားတဲ့သဘောပါပဲ၊ အထိအခိုက် အကျအဆုံးလည်း ရှိနိုင်ပေမယ့် ကျွန်တော်တို့တော့ သေချာမသိသေးဘူး"
လိုင်ဇာမြို့နဲ့ ရှစ်မိုင်ဝန်းကျင်အကွာ မဒီးယာန်ရွာမှာ လူဦးရေ တစ်ထောင်နီးပါး နေထိုင်ပါတယ်။
တိုက်ပွဲတွေကြောင့် မဒီးယာန်ရွာ အပြင် ခယာယာန်နဲ့ အောင်ဂျာရွာတို့မှာ နေထိုင်နေတဲ့ ဒေသခံတွေလည်း ဒီကနေ့ မနက်အစောပိုင်းကစလို့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-နမ်ဆန်ယန်-ဗန်းမော် လမ်းနဲ့ မြစ်ကြီးနား- နမ်ဆန်ယန်- လိုင်ဇာ ကားလမ်းတွေကို ဖြတ်သန်း သွားလာခွင့် ပိတ်ထားပါတယ်။