ပခုက္ကူမှာ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ PDF နှစ်ဦး သတ်ဖြတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၇ ရက် မနက် ငါးနာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်တစ်ဦး သတ်ဖြတ်ခံလိုက်ရတယ်လို ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို အောက်တိုဘာ ၂၀ ရက် ဒီနေ့ပြောပါတယ်။

ပခုက္ကူမြို့ကနေ စစ်ကောင်စီတပ် အင်အားတစ်ရာကျော်နဲ့ စစ်ကြောင်းထိုးလာပြီး ကိုးပင်ကျေးရွာဘက် ချောင်းကနေတစ်ဆင့် ကိုင်းရွာအနီးက PDF စစ်ဆေးရေးဂိတ်ကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အသက် ၂၅ နှစ်အရွယ် မအသန်းဖြစ်ပြီး စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းချိန်မှာ ထွက်မပြေးနိုင်တာကြောင့် ပြန်လည်ခုခံရင်း သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။

မအသန်းဟာ ကိုယ်ဝန်ငါးလရှိနေပြီး သေဆုံးချိန်မှာ ခန္ဓာကိုယ်တစ်ခုလုံး ဓားနဲ့ အမွှန်းခံရကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

သူ့ရဲ့ခုခံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးလည်း သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အမျိုးသမီးက သေနတ်နဲ့ ပြန်ပစ်လိုက်တာ စကစဘက်က တစ်ယောက် သေသွားတယ်။ အဲဒီမှာ အမျိုးသမီးကို သတ်ဖြတ်ခဲ့တာ။ ကျန်ရဲဘော်နှစ်ယောက်ကတော့ အဆက်အသွယ် ပြတ်သွားတာ။ စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်မှာလည်း ရဲဘော်နှစ်လောင်း တွေ့တယ်။ လက်နက်တွေရောပေါ့။ အစီးခံရတဲ့အချိန်မှာ ကစဥ့်ကလျား ဖြစ်သွားပေါ့လေ။ ရဲဘော်တွေကို ကျွန်တော် ရှာနေပေမဲ့ အဆက်အသွယ် ပြတ်သွားတာ”

မအသန်းရဲ့ အမျိုးသားဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ် စီးနင်းချိန် ပစ်ခတ်မှုဖြစ်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သူက ပြောပါတယ်။

နောက်ထပ် သေဆုံးတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်တွေမှာတော့ သေဆုံးသူ သုံးဦးစလုံးဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ရုပ်အလောင်းနဲ့အတူ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ အောက်တိုဘာ ၁၉ ရက် မနေ့က ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။