နှစ်နှစ်ကျော်အတွင်း နိုင်ငံ့လူဦးရေ လေးသန်း၀န်းကျင် ကျဆင်းသွားကြောင်း စစ်ခေါင်းဆောင်ပြော

RFA Burmese
2025.01.17
နှစ်နှစ်ကျော်အတွင်း နိုင်ငံ့လူဦးရေ လေးသန်း၀န်းကျင် ကျဆင်းသွားကြောင်း စစ်ခေါင်းဆောင်ပြော ရန်ကုန်မြို့ နေရာတချို့တွင် သန်းခေါင်စာရင်းကောက်ယူနေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ မွေးဖွားနှုန်းကျဆင်းပြီး သေဆုံးသူများသလို ပြည်ပနိုင်ငံကို ထွက်ခွာသူများလာတာကြောင့် လူဦးရေ ကျဆင်းကာ ၅၁ သန်းကျော်သာရှိတော့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့စာရင်းမှာ လူဦးရေ ၅၅ ဒသမ ၈ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာကောက်ယူခဲ့တဲ့ ရှေ့ပြေးလူဦးရေစာရင်းမှာတော့ ၅၁ သန်းကျော် (၅၁,၃၁၆,၇၅၆) သာရှိတော့တာပါ။ နှစ်နှစ်အတွင်းမှာ လူဦးရေ လေးသန်းဝန်းကျင် ကျဆင်းသွားတာဖြစ်ပါတယ်။

လူဦးရေကျဆင်းသွားတာကြောင့် ပြည်တွင်းမှာ လုပ်သားဦးရေလည်း ရှားပါးလာပြီး ရွေးကောက်ပွဲ ကျင်းပရာမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၄ လူဦးရေစာရင်း ကောက်ယူရာမှာလည်း လုံခြုံရေးအခြေအနေအရ မြို့နယ်ပေါင်း ၃၃၀ ထဲက ၁၄၅ မြို့နယ်ကိုပဲ ရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့ပြီး ၅၈ မြို့နယ်ကိုတော့ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်တွေ ပြည်ပကို နည်းမျိုးစုံနဲ့ တိမ်းရှောင်ရတာ ကြောင့် လူဦးရေကျဆင်းသွားတာလို့ ပြောပါတယ်။

“လူဦးရေက ဒီထက်လည်း ပိုကျဆင်းမှာပဲ။ စစ်မှုမထမ်းချင်တော့ နည်းမျိုးစုံနဲ့ ပြည်ပထွက်နေကြရတော့လေ။ နောက်ဆို ဒီတိုင်းပြည်မှာ မွေးကင်းစနဲ့ သက်ကြီးရွယ်အိုပဲ ကျန်ခဲ့တော့မယ်ထင်တယ်”

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့အထိ စစ်ကောင်စီကြောင့် တော်လှန်ရေးလှုပ်ရှားမှုမှာ သေဆုံးခဲ့တဲ့ ပြည်သူပေါင်း ၆၀၀၀ ကျော် (၆၁၈၆) ရှိတယ်လို့ ဇန်နဝါရီလ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။