မီးသတ်ဦးစီးဌာန အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်သားတချို့ ဖမ်းဆီးခံရ

RFA Burmese
2025.01.07
မီးသတ်ဦးစီးဌာန အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်သားတချို့ ဖမ်းဆီးခံရ Aung San’s Land Natmauk အဖွဲ့မှ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန အရာရှိနှင့် ဇနီးအား တွေ့ရစဥ်။
Aung San’s Land Natmauk

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက အရာရှိတစ်ဦးနဲ့ ဇနီးဖြစ်သူ အပါအဝင် စစ်ကောင်စီ တပ်သားတချို့ကို ရန်ကုန်-မန္တလေး အမြန်လမ်းကနေ ဖမ်းဆီးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Aung San’s Land Natmauk အဖွဲ့က ပြန်ကြားရေးနဲ့ ဘဏ္ဍာရေးတာဝန်ခံ CDM ရဲဘော် အောက်ဆီဂျင်က RFA ကို ဇန်နဝါရီလ ၇ ရက် ဒီနေ့ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ အနီး Aung San’s Land Natmauk အဖွဲ့က ရှောင်တခင် စစ်ဆေးရာမှာ စစ်ကောင်စီ မီးသတ်ဦးစီးဌာန အရာရှိ ဦးရွှေဘနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၃၁ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း တစ်နေရာမှာ စစ်ကောင်စီရဲ့ ထောက်ပို့တပ်က တပ်ကြပ်တစ်ဦး၊ ပျူစောထီးတစ်ဦး၊ ကာကွယ်ရေးပစ္စည်းစက်ရုံက စစ်ကောင်စီတပ်သား တစ်ဦးနဲ့ ဗိုလ်ကြီး တစ်ဦးရဲ့ ဇနီးဖြစ်သူကိုလည်း ဖမ်းဆီးထားတယ်လို့ ရဲဘော် အောက်ဆီဂျင်က ပြောပါတယ်။

ဖမ်းဆီးထားတဲ့အထဲ မီးသတ်ဦးစီးဌာနက အရာရှိ ဦးရွှေဘဟာ ညွှန်ကြားရေးမှူး တစ်ဦးဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပေမဲ့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မီးသတ်ဦးစီးဌာန အရာရှိရဲ့ ဖုန်းကိုစစ်ဆေးခဲ့ရာ PDF တွေရဲ့ စစ်ရေး လုပ်ဆောင်ချက်တွေကို တည်နေရာအတိအကျ သတင်းပေးထားပြီး စခန်းဝင်စီးတာတွေ၊ PDF နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စုံစမ်းပြီး စစ်ကောင်စီထံ တင်ပြထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လွှဲပြောင်းထားတယ်လို့လည်း ရဲဘော် အောက်ဆီဂျင်က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက အရာရှိ တစ်ဦးကတော့ ဦးရွှေဘဟာ ဗဟိုမီးသင်တန်းကျောင်းက အရာရှိတစ်ဦးဖြစ်ပြီး ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်က နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အမြန်လမ်းအနီးက နွာထိုးကြီးမြို့နယ်ထဲကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။