မြဝတီမှာ တပ်ပြင်ရောက်ထောက်ပံ့ပစ္စည်းတွေ အရပ်သားတွေကို စစ်တပ်က သယ်ယူခိုင်း
2024.10.20
ကရင်ပြည်နယ်၊ မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းအတွက် စစ်ကောင်စီက အောက်တိုဘာ ၂ဝ ရက်နေ့မှာ လေကြောင်းက ကြဲချတဲ့ ထောက်ပံ့ရေးပစ္စည်းတွေ လေကြောင်းလွဲပြီး တပ်အပြင်ဘက်ရောက်သွားတဲ့အတွက် အရပ်သားတွေကို စစ်ကောင်စီက သယ်ခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီ လေတပ်ပိုင် Y12 နှစ်စင်းက ငါးကြိမ်လောက် ပျံသန်းပြီး မွန်းလွဲ နှစ်နာရီခွဲလောက်မှာ လက်နက်ခဲယမ်းမီးကျောက်နဲ့ ရိက္ခာထုပ် ၂ဝ ကျော်ကို လေထီးနဲ့ ကြဲချပေးချိန်မှာ လေလမ်းကြောင်းလွဲပြီး လူနေရပ်ကွက်တွေဘက်ကို ရောက်သွားတာပါ။
တပ်က ထွက်မကောက်ရဲဘဲ တပ်ရှေ့ ဖြတ်သွားဖြတ်လာ အရပ်သားတွေနဲ့ ကားတွေကို ပစ္စည်းတွေက ကောက်ယူပြီး တပ်ကို သယ်ဆောင်လာခိုင်းတယ်လို့ မျက်မြင်တစ်ယောက်က RFAကို ပြောပါတယ်။
"နေ့လယ်မှာ လေယာဉ်ဗုံးကြဲမယ်ထင်နေတာ၂၇၅ နားမှာ ပတ်ပျံနေတော့၊ နောက်တစ်စင်း ရောက်လာပြီးတော့ နှစ်စင်းစလုံး ငါးခေါက်ပတ်ဝဲပြီးတော့ အထုပ်တွေ လေထီးနဲ့ ကြဲချပေးတာ။ ၂၇၅ ကို မကျဘူး၊ ရွာသစ်၊ (ဂက်စ်) ဓာတ်ငွေ့စက်ရုံဘက်နဲ့ မြဝတီကုန်သွယ်ရေးဇုန်ဘက်၊ ရပ်ကွက်တွေထဲ ကျကုန်တယ်။ အဲ့ဒါကို တပ်က ထွက်မကောက်ရဲဘူး။ လမ်းသွားလမ်းလာရှိတဲ့လူတွေ ကားတွေကို လိုက်ကောက်သယ်ခိုင်းတယ်။လူငါးယောက်ခြောက်ယောက် မ ပြီး ကားပေါ်တင်နေတာ တွေ့နေရတယ်"
ခလရ ၂၇၅ တပ်ရင်းမှာ ရပ်ကွက်တွေနဲ့ အနီးအနားကျေးရွာတွေက ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ စစ်တပ်ဖွဲ့ဝင် ၃ဝ လောက် စစ်သင်တန်းတက်နေတယ်လို့လည်း မြဝတီဒေသခံတစ်ယောက်က ပြောပါတယ်။