ကမ်းခြေစောင့်တပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းဖို့ စစ်ခေါင်းဆောင်ပြော

ကမ်းခြေစောင့်တပ်ဖွဲ့ကို ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ များစွာ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်း အမှတ် (၃) သီလဝါဆိပ်ခံတံတားမှာ အောက်တိုဘာ ၆ ရက်နေ့က ကျင်းပတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာလို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေမှာ အောက်တိုဘာ ၆ ရက်နေ့ညက ထုတ်ပြန်ပါတယ်။

ပင်မကမ်းခြေကမ်းရိုးတန်းကနေ သီးသန့်စီးပွားရေးဇုန်အထိ ဝေဟင်၊‌ ရေပြင် ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိတဲ့ အရည်အချင်းပြည့်ဝတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဖြစ်လာအောင် ရည်မှန်းချက်ထားပြီး ဆောင်ရွက်ဖို့လည်း စစ်ခေါင်းဆောင်က တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်း ရေမိုင် ၁၃ဝဝ ဝန်းကျင်ရှိကြောင်းနဲ့ ရေပြင်နယ်နိမိတ် စတုရန်း ရေမိုင် တစ်သိန်းလေးသောင်းကျော် (၁၄၃၁၁၀.၇၂) ရှိတာကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ကို အင်အားတိုးချဲ့သွားဖို့ လိုအပ်တာလို့ ဆိုပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနားမှာ ၄၈ မီတာ အမြန်သွား ကင်းလှည့်ရေယာဉ်လေးစီးကိုလည်း တပ်တော်ဝင်ခဲ့ပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပင်လယ်ရေကြောင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာ၊ ရေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်တာ၊ ပင်လယ်ဓားပြရန် တားဆီးနှိမ်နင်းတာ စတဲ့ အရပ်သားပြည်သူတွေကို စောင့်ရှောက်ကာကွယ်ပေးတဲ့ လူမှုဝန်ထမ်းတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်ရတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့လည်း ပြောပါတယ်။

ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိ ဖွဲ့စည်းထားပြီးဖြစ်တဲ့ တပ်ဖွဲ့အင်အားကိုတော့ ထုတ်ပြန်တာမရှိပါဘူး။