နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ သွားရောက် တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်သတင်းရင်းမြစ်တွေက ဇွန်လ ၁၂ ရက် ဒီနေ့ RFA ကိုပြောပါတယ်။
မေလ ၂၇ ရက်နဲ့ ဇွန်လ ၄ ရက်နေ့တွေမှာ နေပြည်တော်အချုပ်ထောင်ထဲအထိ သွားရောက်တွေ့ဆုံခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း လေ့လာစောင့်ကြည့်နေတဲ့ နေပြည်တော်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“ကျွန်တော်တို့ အတည်ပြုလို့ရတာတော့ နှစ်ခေါက်တွေ့တယ်ပေါ့နော်။ ဒီမတိုင်ခင်ကလည်း တွေ့တာတွေ ရှိသေးတယ်လို့ဆိုပေမယ့် အတည်မပြုနိုင်ဘူး။ တွေ့တဲ့အချိန်မှာတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်းက ငြိမ်းချမ်းရေးကိစ္စတွေမှာ ဝင်ကူလုပ်ပေးဖို့၊ ပြီးတော့ အကြမ်းဖက်မှုတွေကို တားပေးဖို့ပေါ့။ အန်တီကတော့ ဘာမှတ်ချက်မှ ပေးတာမရှိဘူးလို့ သိရတယ်”
အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေကတော့ အခုတွေ့ဆုံမှုနဲ့ ပတ်သက်လို့ မသိရသေးကြောင်း ပြောဆိုကြပါတယ်။
နေပြည်တော်အချုပ်ထောင်တွင်း တွေ့ဆုံမှုတွေကို အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာန ပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဇွန်လ ၈ ရက်နေ့ကတော့ ရန်ကုန်တိုင်း၊ သံလျင်မြို့နယ် သဘာဝရိပ်သာဆရာတော် ဦးဥတ္တမသာရက NLD ပါတီ နာယကသူရဦးတင်ဦးကို သွားရောက်တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးကအနားယူပြီး ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ကူညီလုပ်ဆောင်ဖို့ သွားရောက်ပြောဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း NLD ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံပြီး ပါတီရုံးဖွင့်ခွင့်နဲ့ ပါတီပြန်လည် မှတ်ပုံတင်ခွင့်ကိစ္စတွေ ပြောဆိုတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီသတင်းတွေထွက်ပေါ်ပြီး နောက်ပိုင်းမှာတော့ NLD ပါတီက သူတို့ကို ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကတော့ သူနဲ့လူချင်းတွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီရဲ့ နေပြည်တော်အကျဉ်းဦးစီးဌာနကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်ကတည်းက တရားဝင်စာတင်ပြီး တွေ့ခွင့်တောင်းထားပေမယ့် ဒီနေ့ထိတွေ့ဆုံခွင့်မရသေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီကစွပ်စွဲတဲ့ အမှုပေါင်း ၁၉ အမှုအတွက် ထောင်ဒဏ် ၃၃ နှစ်ကျခံနေရပြီး နေပြည်တော်အချုပ်ထောင်တွင်းက အဆောက်အအုံတစ်ခုမှာ တစ်ဦးတည်း သီးခြားထိန်းသိမ်းခံထားရပါတယ်။