၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ကလေးသူငယ်ထိခိုက်သေဆုံးမှု ကုလအစီရင်ခံစာပါ အချက်အလက်တွေဟာ ဖောင်းပွလွန်းနေတယ်လို့ စစ်ကောင်စီက ဇူလိုင်လ ၁၀ ရက်မှာ ဝေဖန်ပါတယ်။
ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်တွေနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာမှာ ၂၀၂၂ ခုနှစ်အတွင်း ကလေးသူငယ် ထိခိုက် သေဆုံးမှုပေါင်း ၅၂၁ မှုဖြစ်ခဲ့ပြီး အဲဒီထဲက ၃၇၇ မှုကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ပြစ်ဒဏ်ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီက ဇူလိုင်လ ၁၀ ရက်မှာ စစ်ကောင်စီ အာဘော်သတင်းစာတွေကနေ သဘောထားထုတ်ပြန်ခဲ့ပါတယ်။
အစီရင်ခံစာပါ အချက်အလက်တွေဟာ ၁၂ ဆ ကနေ အဆ ၃၀ အထိ ဖောင်းပွနေပြီး ဒီလိုစွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘဲ မြန်မာစစ်တပ်အပေါ် နိုင်ငံရေးသွတ်သွင်းမှု ဖြစ်တယ်လို့ စစ်ကောင်စီက တုံ့ပြန်ထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အစီရင်ခံစာမှာတော့ ကလေးသူငယ် ထိခိုက်သေဆုံးမှု ဖြစ်စေမှုတွေထဲမှာ PDF တပ်ဖွဲ့တွေက ကျူးလွန်တဲ့အမှု ကိုးမှုရှိပြီး ကျန်တဲ့အမှုပေါင်း ၁၃ဝ ကျော်ကိုတော့ ဘယ်သူကျူးလွန်တယ်ဆိုတာ မသိရဘူးလို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီကတော့ ဒီအစီရင်ခံစာပါ အချက်အလက်တွေကို ပယ်ချပြီး အပြုသဘောဆောင်တဲ့ လုပ်ရပ်မဟုတ်ဘူးလို့ ကန့်ကွက်လိုက်ပါတယ်။
ဇူလိုင်လ ၇ ရက်နေ့ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးချက်တွေကို စစ်ကောင်စီက ကန့်ကွက်ခဲ့ပြီး ကုလဟာ လွတ်လပ်မှုနဲ့ ဘက်မလိုက်မှု မရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။