စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ တက်ခဲ့တဲ့ သတင်းထောက်နှစ်ဦး အဖမ်းခံရ

2022.11.22
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ တက်ခဲ့တဲ့ သတင်းထောက်နှစ်ဦး အဖမ်းခံရ NHP News သတင်းထောက် ဦးဝင်းဦးနှင့် တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦး။
Screen Photo

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက် မေးခွန်းမေးခဲ့တဲ့ သတင်းထောက်နှစ်ဦး အဲဒီပွဲအပြီးမှာပဲ အဖမ်းခံခဲ့ရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။

NHP News က သတင်းထောက် ဦးဝင်းဦးနဲ့ တဲ့ပြောသတင်းဌာနက အယ်ဒီတာချုပ် ဦးဇော်မင်းဦးတို့ဟာ သတင်းစာရှင်းလင်းပွဲအပြီးမှာပဲ ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံခဲ့ ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နေပြည်တော် သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။

“ကိုဝင်းဦးက အမေစုကို လွှတ်ပေးဖို့နဲ့ သတင်းသမားတွေ အကုန်ပြန်လွှတ်ပေးဖို့ ပြောတာ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမေစုလို့ သုံးတာပေါ့။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့လည်း သူနဲ့ သဘောထားတူတယ်လို့ ပြောတယ်။ တဲ့ပြောက သတင်းထောက်ကတော့ KNU ကသိချင်တဲ့ မေးခွန်းတွေ မေးတယ်ပေါ့။ ပွဲမှာတော့ စစ်ကောင်စီဘက်ကလည်း ဖြေလို့ရတာတွေ ဖြေသွားပေးတာတော့ တွေ့လိုက်တယ်”

သူတို့နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက် သောကြာနေ့မှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး ဒီနေ့အထိ ပြန်လွတ်၊ မလွတ်တော့ သေချာမသိရဘူးလို့ နေပြည်တော် သတင်းထောက် အသိုင်းအဝိုင်းက ပြောပါတယ်။

သတင်းထောက်နှစ်ဦး အဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လည်း ဖြစ်သူ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်ပြီး နေပြည်တော်မှာ လစဉ်ပုံမှန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေသလို စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းသမားအများစု တက်ရောက်နေ တာလည်း ဖြစ်ပါတယ်။

အဲဒီရှင်းလင်းပွဲတွေကို တက်ရောက်သတင်းယူနေသူ အများစုဟာ သတင်းသမား အရည်အချင်း မပြည့်မီသူနဲ့ စစ်ကောင်စီကို ထောက်ခံရေးသားနေသူတွေဖြစ်ပြီး သူတို့ ရဲ့မေးမြန်းချက်တွေကိုတောင် စစ်ကောင်စီဘက်က သည်းမခံနိုင်တဲ့ သဘောမျိုးဖြစ်နေ တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သတင်းသမားတစ်ဦးက သုံးသပ်ပါတယ်။

သတင်းထောက် ဦးဝင်းဦးဟာ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်ကလည်း YBS ဆိုင်းဘုတ်ကို ဖျက်ဆီးခဲ့တယ်လို့ စွပ်စွဲချက်နဲ့ မြောက်ဒဂုံမြို့နယ်၊ တရားရုံးမှာ အမှုရင်ဆိုင် ခဲ့ရပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

တဲ့ပြောသတင်းဌာန အယ်ဒီတာချုပ် ဦးဇော်မင်းဦးကတော့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က မြဝတီမြို့မှာ COVID -19 ကြောင့် လူတစ်ဦး သေဆုံးကြောင်း သတင်း မှား ဖော်ပြခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဘားအံမြို့နယ် တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ် ချမှတ်တာ ခံခဲ့ရပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ သတင်း သမား စုစုပေါင်း ၁၄၃ ဦး အဖမ်းခံခဲ့ရပြီး အဲဒီအထဲမှာ ရန်ကုန်က ၄၆ ဦးနဲ့ နယ်အသီးသီးက ၉၇ ဦး ပါဝင်ပါတယ်။

ဒီအထဲမှာ ပြန်လွတ်လာသူ ၉၄ ဦးရှိပြီး စစ်ကြောရေးမှာ တစ်ဦးသေဆုံးခဲ့တာကြောင့် လက်ရှိ ထောင်နဲ့ အချုပ်အသီးသီးမှာ ၄၈ ဦး ကျန်ရှိနေပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။