စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းအား အကြီးအကျယ် ကျဆင်း

2021-05-13
Share
စစ်တပ်ထုတ်ကုန် မြန်မာဘီယာ ရောင်းအား အကြီးအကျယ် ကျဆင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မှာ စစ်တပ်ထုတ်ကုန် မသုံးဖို့ သပိတ်မှောက်ဆန္ဒပြကြစဉ်။
Photo: Citizen Journalist

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထုတ်ကုန်တခုဖြစ်တဲ့ မြန်မာဘီယာရောင်းအား ၄၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ မေလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin ရဲ့ ၂၀၂၁ ခုနှစ် ပထမလေးလပတ် ဘဏ္ဍာရေးရလဒ်မှာ ဖော်ပြထားပါတယ်။

Kirin ကုမ္ပဏီရဲ့ ဖော်ပြချက်အရ… Myanmar Brewery လုပ်ငန်းရဲ့ ပုံမှန်အမြတ်အစွန်းဟာ ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်နဲ့ နှိုင်းယှဉ်ရင် ၄၉.၆ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂျပန်ယန်းငွေ ၂.၅ ဘီလီယံ (မြန်မာကျပ် ၃၂ ဘီလီယံ) ကွာဟခဲ့သလို၊ ဝင်ငွေအနေနဲ့ ၄၆.၇ ရာခိုင်နှုန်း ကျဆင်းသွားတာကြောင့် ဂျပန်ယန်း ၅ ဘီလီယံ (မြန်မာကျပ်ငွေ ၆၆ ဘီလီယံ) ကွာဟခဲ့တာပါ။

Kirin ကုမ္ပဏီရဲ့ ဘဏ္ဍာရေးရလာဒ်တွေကို ကြည့်ရင် မြန်မာပြည်သူတွေ အားလုံးစုပေါင်းပြီး စစ်တပ်ထုတ်ကုန်တွေကို ဆန့်ကျင် သပိတ်မှောက်ကြတာက ထိရောက်ပြီး၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေကို တိုက်ရိုက် ထိခိုက်စေတာကို ပြသနေတယ်လို့ မြန်မာပြည်သူတွေ တရားမျှတမှုနဲ့ တာဝန်ခံမှု ရရှိရေးအတွက် ဆောင်ရွက်နေတဲ့ Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Myanmar Brewery အဖျော်ယမကာလုပ်ငန်းဟာ Kirin ကုမ္ပဏီ နဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းဖြစ်ပြီး Kirin က အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်မှာ "စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု မရှိ" တဲ့အတွက်ဆိုပြီး Kirin ကုမ္ပဏီက စစ်တပ်ကို အမြတ်ဝေစု ခွဲပေးတာ ဆိုင်းငံ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်မှာတော့ မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကုမ္ပဏီရဲ့ လူ့အခွင့်အရေးမူဝါဒတွေကို ဆန့်ကျင်နေတဲ့အတွက် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်တာကို Kirin ကုမ္ပဏီဘက်က ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းအပြီး ဖေဖော်ဝါရီလက စလို့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေ အရှိန်မြင့်လာခဲ့တာပါ။ စစ်တပ်ထုတ်ကုန် မသုံးဖို့ သပိတ်မှောက်ခံရတဲ့ ကုန်ပစ္စည်းတွေထဲမှာ ဦးပိုင်ကုမ္ပဏီက ထုတ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Red ruby ဆေးလိပ်တွေ အပါအဝင် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အစုရှယ်ယာပါဝင်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်း အစရှိတဲ့ ထုတ်ကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့