လောင်းလုံးမှာ စစ်ကောင်စီတပ်က ရိက္ခာသယ်ယူတဲ့လမ်းကြောင်း ကန့်သတ်ထား

RFA Burmese
2025.01.13
လောင်းလုံးမှာ စစ်ကောင်စီတပ်က ရိက္ခာသယ်ယူတဲ့လမ်းကြောင်း ကန့်သတ်ထား တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာ တိုက်ပွဲအတွင်း လေကြောင်းဗုံးကြဲခံရမှုကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က တွေ့ရစဉ်။
နွေဦးဆုံမှတ်-လောင်းလုံး

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က စားနပ်ရိက္ခာ သယ်ယူတဲ့လမ်းကြောင်းတချို့ကို ပိတ်ဆို့ကန့်သတ်ထားတယ်လို့ ဒေသခံတွေက RFA ကို ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်က ကျောက်နီမော်ရွာမှာ စစ်ကောင်စီတပ်နဲ့ လောင်းလုံးခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျောက်နီမော် ကားလမ်းမှာ တပ်စွဲထားခဲ့တာပါ။

အဲဒီလမ်းဟာ လောင်းလုံးမြို့နဲ့ ကျောက်နီမော်အောက်ပိုင်းက ရွာတွေကို စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်းသယ်ဖို့ တစ်ခုတည်းသော ကုန်းလမ်းကြောင်းလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက ဖြတ်သန်းသွားလာခွင့် တင်းကျပ်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လောင်းလုံး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြို့ကိုတက်ပြီး ပစ္စည်းသယ်ဖို့ဆို အဲဒီလမ်းကြောင်း တစ်ခုပဲရှိတာ။ ကျောက်နီမော်ကိုဖြတ်ပြီး သယ်မှရမှာ။ အဲဒီမှာ စစ်ကောင်စီတပ်က အထိုင်စွဲထားပြီး စစ်ဆေးရေး တင်းကျပ်တော့ ဘယ်သူမှ မသွားကြတော့ဘူး။ ပစ္စည်းသယ်ခွင့်လည်း မပေးဘူး။ ရေလမ်းကပဲ နည်းနည်းပါးပါး သယ်လို့ရတယ်”

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး စီနင်းမှုကြောင့် ကျောက်နီမော်၊ ဇလွတ်၊ ညောပြင် စတဲ့ရွာတွေ အပါအဝင် ရွာ ရှစ်ရွာခန့်က ဒေသခံ သုံးထောင်ခန့်လည်း နေရပ်စွန့်ခွာ ထွက်ပြေးရတာ ၁၅ ရက် ကျော်လာပြီး အခုအချိန်အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် ဒီနေ့မှာ ဇလွတ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ကျောက်နီမော်ရွာက စစ်ကောင်စီအထိုင်ချ တပ်စခန်းကို ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

တနင်္သာရီဒေသအခြေအနေတွေကို မှတ်တမ်းတင်နေတဲ့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် ထုတ်ပြန်ချက်အရ နိုဝင်ဘာလအတွင်း လောင်းလုံးမြို့နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၂,၀၀၀ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။