တံတားဦးနဲ့ စစ်ကိုင်းမြို့မှာ သုံးရက်အတွင်း လူခုနစ်ဆယ်ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

RFA Burmese
2024.11.12
တံတားဦးနဲ့ စစ်ကိုင်းမြို့မှာ သုံးရက်အတွင်း လူခုနစ်ဆယ်ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ စစ်ကိုင်းမြို့ သီရိအင်္သခယာစောယွမ်းမင်းရုပ်တု အဝိုင်းပတ်လမ်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မန္တလေးတိုင်း တံတားဦးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အတွင်း လူခုနစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်မြို့နယ်ပေါင်းက လူ ရှစ်ဆယ်ကျော် ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသမီး ဆယ်ဦးခန့်ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အသက် ၃၀ ဝန်းကျင် လူငယ်တွေကိုတော့ ပြန်မလွှတ်ပေးဘဲ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

တံတားဦးမြို့နယ်က အရေအတွက်အများဆုံး ဖမ်းဆီးခံရတာဖြစ်ပြီး မြို့အဝင်အထွက်လမ်းတွေမှာ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သုံးရက်ဆက်တိုက်ဖမ်းတာ။ ၈ ရက်နေ့က နှစ်ဆယ်လောက်ပါတယ်။ ၉ ရက်နေ့က ၃၇ ယောက်။ ၁၀ ရက်နေ့ကျတော့ ခြောက်ယောက်။ တံတားဦး အဝိုင်းပတ်ရယ်၊ ဒုဋ္ဌဝတီတံတားထိပ်ရယ်၊ အင်းဝလမ်းဟောင်း ရယ်၊ သင်ပန်းရွာနဲ့ လက်ဆောင်ယူရွာလမ်းခွဲ မောင်းတံဂိတ်တွေကနေ ဖမ်းတာ။ မိန်းကလေး ဆယ်ယောက်လောက်ကိုတော့ တစ်ယောက် ငါးသိန်းနဲ့ ရွေးရလို့ ပြန်လွှတ်ပေးတယ်"

အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားအများစု ဖမ်းဆီးခံရတာဖြစ်ပြီး အဲဒီနေ့တွေမှာပဲ ဖမ်းဆီးထားသူတွေကို စစ်မှုထမ်းသင်တန်းတက်ဖို့အတွက် စဥ့်ကိုင်မြို့နယ်ထဲက ဘယ်လင်း အကျဉ်းဦးစီးဌာနကို ခေါ်ဆောင်သွားတယ်လို့ သူက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ တံတားဦးမြို့နယ် ပြူကန်၊ သူငယ်တော်၊ ဇီးကန်၊ ရေဂမိုး စတဲ့ရွာတွေက ဖြစ်ပြီး မန္တလေးမြို့ပေါ်ကို သွားရောက် အလုပ်လုပ်ကိုင်သူအများစု ပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းမြို့မှာတော့ နိုဝင်ဘာလ ၉ ရက်နေ့က မန္တလေးတိုင်းဘက်ကိုကူးတဲ့ ရတနာပုံတံတားထိပ် စစ်ဆေးရေးဂိတ်မှာ အမျိုးသား ၁၉ ဦး ဖမ်းဆီးခံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“တံတားကနေပြီးတော့ အစောကြီးပိတ်ဖမ်းတယ်။ အထူးသဖြင့် မန္တလေးကျောက်ဝိုင်းသွားတဲ့သူတွေ တော်တော်များများ ပါသွားကြတယ်။ ထွေအုပ်ရုံးထဲကို ခေါ်သွားကြတယ်။ စစ်မှုထမ်း အသက်ဘောင်ဝင်တဲ့ထဲက သွေးပေါင်တအားကျတဲ့ ကလေးတစ်ယောက်ရယ်၊ အသက်ကြီး နှစ်ယောက်ရယ် ပြန်လွှတ်တယ် ပြောတယ်။ ကျန်တဲ့သူတွေကတော့ ပြန်မလွှတ်ဘူး”

စစ်ကိုင်းမြို့ပေါ်မှာတော့ ပျူစောထီးအဖွဲ့တွေဟာ လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးရတဲ့ ဖြစ်ရပ်တွေလည်း ကြုံနေရတယ်လို့ သူက ပြောပါတယ်။ မန္တလေးမြို့မှာလည်း စစ်မှုထမ်းစာရင်း ပါသူတွေရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။