ပြီးခဲ့တဲ့ ဧပြီလတစ်လအတွင်း တိုက်ပွဲပေါင်း ၄ဝဝ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၅ဝဝ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
NUG အစိုးရက စစ်ဒေသ ၁ အဖြစ်သတ်မှတ်ထားတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ အဓိကတိုက်ပွဲတွေဖြစ်ခဲ့တာပါ။
တိုက်ပွဲအတွင်း NUG လက်အောက်ခံ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေဘက်က ၃၉ ယောက်သေဆုံးပြီး ၁၃၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
NUG က ထုတ်ပြန်အပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
တိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၄၉ လက်၊ ဗုံးနဲ့ မိုင်းအလုံးရေ သုံးရာနီးပါး၊ ကျည်ဆံအတောင့်ရေ တစ်သောင်းကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း NUG ဘက်က ပြောပါတယ်။
ကရင်ပြည်နယ်မှာ တိုက်ပွဲတွေ အများဆုံးဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း ကရင်ပြည်နယ်တစ်ပြည်နယ်ထဲ တိုက်ပွဲအတွင်း စစ်ကောင်စီအရာရှိ ၁၁၄ ယောက် သေဆုံးခဲ့ပြီး ၁၁ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ Cobra Column အဖွဲ့ကလည်း မနေ့က ထုတ်ပြန်ပါတယ်။