ထားဝယ်မြို့ခံ နှစ်ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်နဲ့အတူ မီးရှို့ခံရ

2023.05.31
ထားဝယ်မြို့ခံ နှစ်ဦး ပစ်သတ်ခံရပြီး ဆိုင်ကယ်နဲ့အတူ မီးရှို့ခံရ မေလ ၃၀ ရက်နေ့ညက စစ်ကောင်စီတပ်ဖွဲ့တွေ ပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့တဲ့ ကိုဟိန်းဇော်အောင်။
Citizen Journalist

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက် စောမိညိုဘုရားအနီး ညတိုင်းခွေးစာကျွေးတဲ့ မြို့ခံ အမျိုးသားနှစ်ယောက်ကို ထားဝယ်အခြေစိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်ပြီး သူတို့စီးလာတဲ့ ဆိုင်ကယ်နဲ့အတူ မီးရှို့ခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

အဲဒီအမျိုးသား နှစ်ယောက်ဟာ ည ၁၀ နာရီတိုင်း ခွေးစာထွက်ကျွေးလေ့ရှိပြီး မေလ ၃၀ ရက်နေ့ ညမှာတော့ စစ်ကောင်စီ လှည့်ကင်းပတ်ချိန်နဲ့ တိုးပြီး ပစ်သတ်မီးရှို့ခံရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သူငယ်ချင်း နှစ်ယောက်ခွေးစာ သွားကျွေးတာတဲ့ဗျ ပထမတစ်ယောက်ကို ပစ်တော့ ပါးစပ်ပေါက်ထွက်သွားပြီး လဲကျသွားတာပေါ့ ဇော်သူအောင်ဆိုတဲ့သူငယ်ချင်း ဟိန်းဇော်အောင်ကတော့ ပြေးတာပေါ့ နောက်ကနေတောက်လျှောက် လိုက်ပစ်တာ ကျည် အချက်ရေ ၃၀ ကျော်တောင် မကဘူးထင်တယ် ကျွန်တော်လည်း ကျွန်တော့် သူငယ်ချင်းပြောလို့ သိရတာ”

သေဆုံးသွားသူတွေထဲက တစ်ဦးရဲ့ ဦးလေးတော်စပ်သူဟာ တိုင်းအထွေထွေအုပ်ချုပ်ရေးအဖွဲ့က ဖြစ်လို့ မိသားစုက ရုပ်အလောင်း ပြန်ရခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုဝင်တွေနဲ့ အနီးပတ်ဝန်းကျင် မြို့ခံတွေကို RFA က ဆက်သွယ်ပေမယ့် လုံခြုံရေးစိုးရိမ်လို့ RFA ကို ဖုန်းမဖြေကြပါဘူး။

မြို့ခံနှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်ထွေးကို RFA ဝါရှင်တန်ဒီစီရုံးကနေ ဆက်သွယ်ခဲ့ပေမယ့် မေးမြန်းခွင့်မရခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။