ပန်းကိုင်ထားတဲ့ ပြည်သူတွေကို စစ်တပ်ဖမ်းတဲ့ ဗီဒီယိုရိုက်ကူးသူတွေ ဖမ်းဆီးခံရ

ရန်ကုန်မြို့မှာ ပန်းကိုင်လာတဲ့ လမ်းသွားလမ်းလာတွေကို စစ်ကောင်စီတပ်သားတွေ လိုက်လံဖမ်းဆီးနေချိန် ဗီဒီယိုရိုက်ကူးခဲ့တဲ့ အလှပြင်ဆိုင်ဝန်ထမ်း သုံးဦး ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ဖမ်းဆီးခံလိုက်ရတယ်လို့ ဖမ်းခံရသူတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် Time City အနီးမှာ ပန်းကိုင်လာတဲ့လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးတဲ့ ဗီဒီယိုရိုက်ကူးခဲ့တာကြောင့် Yes Beauty & Salon ဝန်ထမ်း ၁၉ ယောက်ကို ဇွန်လ ၂၀ ရက်နေ့က စစ်တပ်က ဖမ်းဆီးပြီး ၁၆ ယောက်ကို ပြန်လွှတ်ခဲ့ပေမဲ့ သုံးဦးကိုတော့ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ပြန်လွတ်လာသူတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံထားရသူတွေကို ရိုက်နှက်တာတွေ ရှိတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကမာရွတ်မြို့နယ်ရဲစခန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီဘက်ကတော့ ပန်းကိုင်လာသူတွေနဲ့ ပန်းပန်သူတွေကို ဘာကြောင့် ဖမ်းဆီးခဲ့တယ်ဆိုတာကိုတော့ တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိပါဘူး။

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်နေ့ ဇွန်လ ၁၉ ရက်နေ့မှာ ပန်းပန်သပိတ်ကို ပါဝင်လှုပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်မြို့က ပန်းကိုင်လာတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းနဲ့ မန္တလေးက ပြည်သူ ၁၃၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး ပန်းပန်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပို့စ်တင်ခဲ့တဲ့ အနုပညာရှင်တချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်တပ်ထောက်ခံတဲ့ Telegram ချန်နယ်တွေမှာတော့ ပန်းပန်ထားတဲ့ အနုပညာရှင်တွေ၊ ပြည်သူတွေရဲ့ ဓာတ်ပုံတွေကို ဖြန့်ဝေပြီး ဖမ်းဆီးဖို့ လှုံ့ဆော်နေပါတယ်။