ငပုတောမြို့နယ်မှာ ပြည်သူ့စစ်သင်တန်းအတွက် ဖိအားပေးခေါ်ယူနေ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်က ကျေးရွာတွေမှာ အောက်တိုဘာ ပထမပတ်ကစပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ ဒေသခံတွေကို စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူး တွေက တစ်ဆင့် ဖိအားပေးခေါ်ယူနေသလို ကျေးရွာတွေအထိ သင်တန်းပေးတာတွေ ရှိတယ်လို့ လုံ့ခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

ငပုတောမြို့နယ်ထဲက ငရုတ်ကောင်းမြို့၊ ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်အပါအဝင် ဒီဒူးကုန်း၊ သဲဖြူ၊ သစ်ရောင်၊ မိုးတိမ်မျှင်၊ သံပတ်ကွင်း၊ ဆင်ငံ စတဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ဖိအားပေးပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ တစ်ရွာကို လူငါးဦးအထိတောင်းလာတာလို့ ဒီအခြေအနေကို သိရှိထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

"ပုသိမ်မှာ သင်တန်းပေးတယ်။ တချို့ကြတော့လည်း ထွက်ပြေးကြတဲ့အခါကျတော့ ရွာတွေအထိဆင်းပြီး သင်တန်းပေးတယ်။ အဲဒါကအစ်ကိုတို့ ငရုတ်ကောင်းဘက် သစ်ရောင်တို့၊ သဲဖြူတို့ အများကြီးပဲ။ တချို့ရွာတွေဆိုလို့ရှိရင် အစ်ကိုတို့ အခုမှ ကြားဖူးတဲ့ရွာတွေ အများကြီးပဲ။ ဟိုင်းကြီးဘက်အကြောဆိုလည်း ငါးပြေမတို့၊ ဒီဒူးကုန်းတို့ ကျောက်ကလပ်တို့ အများကြီးပဲ။ အဓိကတော့ ကမ်းခြေကို ပိုတောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရခိုင်ဘက်ကဝင်မှာကို သူတို့တွေအနေနဲ့ ကာကွယ်ချင်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့တောင်းတာ။ ကမ်းခြေဒေသတွေကို တစ်ရွာ ငါးယောက် မပေးလို့မရဘူး"

ငပုတောမြို့နယ်အပါအဝင် ပုသိမ်မြို့နယ်မှာရှိတဲ့ မြို့နယ် ခုနစ်မြို့နယ်က ဒေသခံတွေကို ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ပြည်သူ့စစ်သင်တန်းအတွက် အင်အားတောင်းခံထားတာရှိပြီး စက်တင်ဘာလမကုန်ခင်အထိ ပုသိမ်မြို့က ခလရ (၂၇၁) တပ်ရင်းနဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ သင်တန်းပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ပြည်သူ့စစ်သင်တန်းကို စာရင်းပေးထားပေမယ့် လာတက်သူတွေ နည်းတာကြောင့် အောက်တိုဘာ ပထမပတ်ကစပြီး ငပုတောမြို့နယ်က ကျေးရွာတွေအထိ ဆင်းပြီးတော့ စစ်သင်တန်းပေးတာတွေ လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ငပုတောမြို့နယ်မှာ အောက်တိုဘာလ ပထမပတ်ကစပြီး ပြည်သူ့စစ်သင်တန်းကို မဖြစ်မနေတက်ရောက်ဖို့ ဖိအားပေးခေါ်ယူနေတာကြောင့် လူဦးရေ ၆၀ ကျော်လောက် သင်တန်းတက်ရောက်နေရသလို လူငယ်ပိုင်းတွေကတော့ တိမ်းရှောင်တာမျိုးတွေ ရှိတယ်လို့ နောက်ထပ်အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"တချို့လူငယ်တွေကတော့ ကိုယ်တိုင်သွားမတက်ကြဘူး။ သွားတက်တာက အသက် ၃၀ ကျော် ပတ်ဝန်းကျင်တွေပေါ့နော်။ အိမ်ထောင်သည်တွေ။ သူတို့က ရွာကနေခွာလို့ အဆင်မပြေတဲ့သူတွေ။ အဲလိုလူတွေပဲ သွားတက်တာများတယ်။ လူငယ်တွေကတော့ ရွာကနေ ရှောင်နေတယ်"

ငပုတောမြို့နယ်မှာ စစ်ကောင်စီဘက်က ပြည်သူ့စစ်သင်တန်းတက်ဖို့ ဒေသခံတွေကို ဖိအားပေးခေါ်ယူနေတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ငပုတောမြို့နယ်၊ ချောင်းသာနဲ့ ငွေဆောင်က ဒေသခံ အနည်းဆုံး အယောက် ရှစ်ဆယ်ခန့်ကို ပြည်သူ့စစ်သင်တန်းတက်ဖို့အတွက် ငွေပေးပြီး စည်းရုံးခေါ်ယူခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောဆိုထားပါတယ်။

ဒါ့အပြင် ပုသိမ်မြို့နဲ့ မော်လမြိုင်ကျွန်းမြို့နယ်တွေမှာလည်း ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ယူမှုတွေရှိကြောင်း ဒေသခံတွေက RFA ကို ပြောပါတယ်။