စစ်ခေါင်းဆောင်အိမ်ရောင်းရငွေတွေကို စစ်ဘေးဒုက္ခသည်တွေအတွက် NUG ကူညီမည်
2023.07.26
"အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ် အပြီးသိမ်းစို့" ကမ်ပိန်းကနေ ရရှိထားတဲ့ ကျပ်သိန်းပေါင်း တစ်သောင်းကျော်ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက စစ်ဘေးဒုက္ခသည်တွေနဲ့ အိမ်တွေမီးရှို့ခံရသူတွေကို ကူညီသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က RFA ကို ပြောပါတယ်။
နေအိမ်မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူတွေ တရားမျှတမှုအတွက် အခုလိုကူညီဖို့စီစဉ်တာလို့ ဝန်ကြီး ဦးတင်ထွန်းနိုင် က ပြောပါတယ်။
"စစ်ကိုင်း၊ မကွေး အညာတစ်ကျောက ရွာတွေအပါအဝင် တစ်နိုင်ငံလုံးမှာ အဆုံးစွန် ရက်စက်ယုတ်မာမှုနဲ့ ရွာလုံးကျွတ်မီးရှို့၊ ဗုံးကြဲ၊ သတ်ဖြတ်၊ မုဒိန်းကျင့်နေတဲ့ အဓိက တရားခံဟာ မင်းအောင်လှိုင်ပါ။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ် အသိုက်အမြုံတွေကို ဖျက်ဆီးလုယက် မီးရှို့ပစ်နေတဲ့ အဓိကတရားခံဆိုလည်း မမှားပါဘူး။ ဒါကြောင့် သူတစ်ပါး အိုးအိမ်စည်းစိမ် အသိုက်အမြုံတွေကို မီးရှို့လုယက်ဖျက်ဆီးပစ်နေတဲ့ မင်းအောင်လှိုင် မတန်မရာပိုင်ဆိုင်ထားတဲ့ အိမ်ကိုရောင်းချပြီး ၊ ရလာတဲ့ ဘဏ္ဍာရန်ပုံငွေနဲ့ သူဖျက်ဆီးခဲ့တာတွေကို တတ်နိုင်သလောက် ပြန်လည်ထူထောင်ခြင်းဟာ တရားမျှတမှု ပြန်လည်ရယူတာဆိုလည်း မမှားပါဘူး"
စစ်ကောင်စီတပ်က အညာဒေသမှာ ရွာလုံးကျွတ်မီးရှို့၊ ဗုံးကြဲ သတ်ဖြတ်နေတာတွေဟာ အညာက တော်လှန်ရေးအင်အားကို လျော့နည်းအောင်လုပ်နေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါကြောင့် အညာကပြည်သူတွေကို ပြန်လည်ကုစား ကူညီရေးဟာ တော်လှန်ရေးအတွက် အင်မတန်အရေးပါတယ်လို့လည်း ဆိုပါတယ်။
NUG က ပြုလုပ်တဲ့ "အညာမြေကိုအားဖြည့်ဖို့ မင်းအောင်လှိုင်အိမ်ကို အပြီးသိမ်းစို့" ကမ်ပိန်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ ခြောက်မိုင်ခွဲက အိမ်နဲ့မြေအတွက် အစုရှယ်ယာတွေကို ဇွန်လ ၃၀ ရက်နေ့ကနေ ဇူလိုင် ၁၉ အထိ ရက် ၂၀ ကြာ ရောင်းချခဲ့တာဖြစ်ပြီး ရှယ်ယာတစ်စုကို အမေရိကန်ဒေါ်လာ တစ်ရာ သတ်မှတ်ထားတာပါ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ အင်းလျားလမ်း ခြံအမှတ် ၁၄ ကိုလည်း ပြီးခဲ့တဲ့နှစ်က NUG က တော်လှန်ရေးရန်ပုံငွေအတွက် အစုရှယ်ယာတွေ ထုတ်ပြီး ရောင်းချခဲ့ပါတယ်။
လတ်တလောမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ် ခြောက်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေနဲ့ မီးရှို့ခံရတဲ့ အိမ်ထောင်စု ၁၂၀၀အတွက် အမိုးအကာနဲ့ ဆန်ရိက္ခာ ကျပ်သိန်း ၇၀၀ ကျော်ဖိုး ကူညီပေးထားတယ်လို့လည်း သူက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃,၈၁၆ လုံး၊ မကွေးတိုင်းမှာ နေအိမ် ၁,၀၄၅ လုံး မီးရှို့ခံထားရပါတယ်။