တရားဥပဒေစိုးမိုးရေး လိုအပ်နေသေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

နိုင်ငံတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

၂၀၂၃ ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ အခုလို ပြောခဲ့တာလို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရေးပေါ်ကာလ ရှေ့လုပ်ငန်းစဉ် ငါးချက်ထဲက နံပါတ်တစ်အချက်ဖြစ်တဲ့ "တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး" ကို အကောင်အထည်ဖော်ပြီးမှသာ နောက်ဆုံးအချက်ဖြစ်တဲ့ "ရွေးကောက်ပွဲပြန်လည်ကျင်းပရေး" ကို ဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်မှုတွေ ဆက်ပြီးဖြစ်နေတဲ့အတွက် နံပါတ်တစ်အချက်ကို အကောင်အထည်ဖော်ဖို့ လိုအပ်နေသေးတယ်လို့လည်း ဆိုပါတယ်။

အခုနှစ်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့အထိ အကြမ်းဖက်ဖောက်ခွဲမှု ၄၈၉ ကြိမ်၊ သေဆုံးသူ ၇၈၂ ဦးရှိခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံရေးလေ့လာသူ ရှေ့နေ ဦးကြီးမြင့်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိသရွေ့ တိုင်းပြည်တည်ငြိမ်အေးချမ်းတာ၊ တရားဥပဒေစိုးမိုးတာ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

တိုင်းပြည်အာဏာ လိုချင်တာကြောင့် အကြောင်းပြချက်မျိုးစုံနဲ့ သူအုပ်ချုပ်နိုင်ရေး သက်တမ်းတိုးနေတာဖြစ်ပြီး စစ်တပ်ကလုပ်ပေးမယ့် ရွေးကောက်ပွဲဟာ ဘယ်အချိန်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူးလို့လည်း ပြောပါတယ်။

စစ်တပ်လုပ်ပေးမယ့် ရွေးကောက်ပွဲကို အယုံအကြည်မရှိသလို စစ်တပ်ဟာ ခေတ်အဆက်ဆက် ကတိမတည်ဘဲ အခုတစ်ခါ ရွေးကောက်ပွဲအနိုင်ရတဲ့ပါတီ အာဏာအပ်ပေးမယ်ဆိုတာက ရယ်စရာဖြစ်နေတယ်လို့လည်း ဦးကြီးမြင့်က ပြောလိုက်ပါတယ်။