ဗမာပြည်နယ်ဖွဲ့စည်းဖို့ SSPP က စစ်ကောင်စီ ဥက္ကဋ္ဌကို တိုက်တွန်း

2022.09.27
ဗမာပြည်နယ်ဖွဲ့စည်းဖို့ SSPP က စစ်ကောင်စီ ဥက္ကဋ္ဌကို တိုက်တွန်း စစ်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ ဆုံခဲ့စဉ်။
Photo: Myanmar Military

အမျိုးသားတန်းတူရေးအတွက် ဗမာပြည်နယ်ဖွဲ့စည်းဖို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောရေးဆို ခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆုက RFA ကို ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ နဲ့ SSPP ခေါင်းဆောင်တွေ စက်တင်ဘာ ၂၆ ရက် မနေ့က နေပြည်တော် မှာ တွေ့ဆုံချိန် အခုလိုတိုက်တွန်းခဲ့တာလို့ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

“ပြည်နယ်ဘယ်နှခု ရှိရမယ်ဆိုတာမျိုး အကန့်အသတ်နဲ့ပြောတာမျိုးတော့ မဟုတ်ဘူးဗျ။ အရေးကြီးတာက ကျနော်တို့ နိုင်ငံရေးအရတန်းတူတယ်လို့ပြောရင် ဗမာလူမျိုးကကော။ အခုက တိုင်းတစ်တိုင်းနဲ့ ပြည်နယ်တစ်ခုကို တန်းတူတယ်ဆိုပြီး ပြောတဲ့အခါ ဖက်ဒရယ် စနစ်နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ ဘယ်နှပြည်နယ်ဖြစ်ဖြစ် တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်က တန်းတူရမယ်”

SSPP ရဲ့ ဆွေးနွေးမှုကို စစ်ကောင်စီဥက္ကဋ္ဌက တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိဘူးလို့ ဒုတိယဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဒုတိယအကြိမ်တွေ့ဆုံမှုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၂) စဝ်ခွန်ဆိုင်း၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့တို့ ပါဝင်ပါတယ်။

UWSP တောင်းဆိုတဲ့ “ဝ” ပြည်နယ် နဲ့ NDAA တောင်းဆိုတဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ သတ်မှတ်ရေးကိစ္စတွေကိုတော့ ဥပဒေကြောင်းအရ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးမှ ဆောင်ရွက်လို့ရမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

လားရှိုးအခြေစိုက် ၀ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းကတော့ “ဝ”ပြည်နယ်သတ်မှတ်ရေး ကိစ္စကို စစ်ကောင်စီဥက္ကဋ္ဌက မူအားဖြင့် သဘောတူထားတယ်လို့ RFA ကို ပြောပါတယ်။

SSPP၊ UWSP နဲ့ NDAA ကိုယ်စားလှယ်တွေဟာ စက်တင်ဘာ ၂၇ ရက် ဒီနေ့မှာလည်း စစ်ကောင်စီငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ဆက်လက်ဆွေးနွေးခဲ့ပါတယ်။ ဒီသုံးဖွဲ့စလုံးဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ လက်မှတ်မထိုးထားပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။