ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ စစ်ကောင်စီတပ် ဝင်ရောက်ပြီးနောက် အရပ်သားတစ်ဦး အလောင်းတွေ့

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာကို ဩဂုတ်လ ၂ ရက်နေ့က စစ်ကောင်စီ တပ်စစ်ကြောင်းက ဝင်ရောက်လာပြီးနောက် ပြန်ထွက်သွားချိန်မှာ သတ်ဖြတ်ခံထားရတဲ့ ကျေးရွာသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၄ ရက် မနေ့က တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ အသက် ၂၈ နှစ်အရွယ် ကိုထိုက်ထိုက်ဆိုသူဖြစ်ပြီး ရိုက်နှက် ဒဏ်ရာတွေ တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းတိုင်ပင်ရွာသားတစ်ဦးက ပြောပါတယ်။

“ဒီကလေးက အသက် ၂၈ ပဲ ရှိသေးတယ်။ ကိုထိုက်ထိုက်တဲ့။ တော်တော် ရိုက်နှက်ခံထားရတာ။ မျက်ကွင်းတွေလည်း ညိုနေတယ်။ တခြား ကျည်ဆန်၊ ဓားဒဏ်ရာတော့ မတွေ့ဘူး။ ၃ ရက်နေ့ (သြဂုတ်လ) ကတည်းက ဖြစ်တာ။ ဒီကလေး ထွက်ပြေးတဲ့အချိန်မှာ သေနတ် သုံးချက် ဖောက်ပြီးတော့ တားတယ်တဲ့။ တားပြီးတော့ ရိုက်နှက်ပြီး သတ်သွားတာပဲ”

အဲဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂ ရက်နေ့က မင်းတိုင်ပင်ရွာမှာ တစ်ညအိပ်ပြီးနောက် ပြန်ထွက်သွားရာမှာ ကိုထိုက်ထိုက်ရဲ့ အလောင်းကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

မင်းတိုင်ပင်က ထွက်သွားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ အနီးဆုံးရွာဖြစ်တဲ့ အင်းကန်ကျေးရွာကို ဆက်လက်ဝင်ရောက်ခဲ့ပြီးနောက် လူနေအိမ် နှစ်လုံး မီးလောင် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ထွက်ကြိုဆိုတဲ့ အင်မထီးကျေးရွာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကလည်း သာယာကုန်းရွာကို ဝင်ရောက် မီးရှို့ခဲ့ကြတယ်လို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အခု အဲဒီစစ်ကြောင်းက အင်မထီးရွာထဲက ပျူစောထီး စခန်းထဲကို ပေါင်းသွားတယ်။ ကျနော်တို့ ကာကွယ်ရေးတပ်တွေက သူတို့ကို အင်မထီးနဲ့ သာယာကုန်းရွာကြားမှာ မိုင်းဆွဲ တိုက်ခဲ့သေးတယ်။ သူတို့လက်ချက်ကြောင့်ပဲ သာယာကုန်းက အိမ်ခြေ ၁၀၀ လောက်ရှိတာ ၅၀ ဝန်းကျင်လောက် ပါသွားတယ်။ သူတို့ လမ်းကြောင်းမှာ ရှိနေတဲ့ ဒေသခံ တစ်ယောက် အသတ်ခံရတယ်ပေါ့”

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရ သေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ သူတို့တပ်တွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်တာ မရှိသလို အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တာလည်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပုလဲမြို့နယ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောက် လာပြီးတဲ့နောက် မီးရှို့ခံရတဲ့ အိမ် ပေါင်း ၁၈၀၀ ခန့် ရှိပြီလို့ ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ စာရင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၈,၈၈၆ လုံးရှိပြီး အဲဒီအထဲမှာ စစ်ကိုင်းတိုင်းဟာ အများဆုံးနဲ့ ၁၃,၈၄၀ လုံး ရှိတယ်လို့ ဖော်ပြပါတယ်။