ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပင်လုံဖွင့်ပွဲမှာ စကားပြောမည်


2016.08.28
minaunghlaing-press-620.jpg ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့နဲ့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA

၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့ အဖွင့်အမှာစကားပြောကြားမယ်လို့ ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော် မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။

ဒီကနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ အကြိုအစည်း အဝေးအပြီးမှာ ဦးလှမောင်ရွှေ က ပြောတာဖြစ်ပါတယ်။

"အခုတော့ ကျွန်တော်တို့ဘက်က ဒီနေ့ အစည်းအဝေးမှာလည်း တင်ပြထားတယ် အစိုးရဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကားပြောဖို့ရှိတယ်။ လွှတ်တော်ဥက္ကဌတွေ စကားပြောဖို့ရှိတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောဖို့ရှိတယ်။ ပြီးတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သူလည်း စကားပြောဖို့ အစီအစဉ်ထဲမှာပါတယ်"

နိုင်ငံရေးပါတီတွေဘက်က ကိုယ်စားလှယ် တစ်ဦးနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေလည်း အမှာစကားပြောကြား မှာဖြစ်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို လာမယ့် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၃ ရက်အထိ ၄ ရက်ကြာ ကျင်းပ မှာဖြစ်ပြီး နိုင်ငံတကာ သံတမန်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလှူရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ ဖိတ်ကြားထားသူ စုစုပေါင်း ၁၈ဝဝ ခန့် တက်ရောက် ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အရင် အစိုးရလက်ထက်က အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ အဖွဲ့ အပါအဝင် လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်မှာဖြစ်ပါတယ်။

မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် - ကိုးကန့်အဖွဲ့ MNDAA ၊ ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့မှာ ၂၁ရာစုပင်လုံညီလာခံကို တက်နိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။