သတင်းအချက်အလက်လုံခြုံဖို့ စစ်ကောင်စီဥက္ကဋ္ဌ သတိပေး
2023.01.28

စစ်ကောင်စီရဲ့ လျှို့ဝှက်ညွှန်ကြားချက်တွေ လူမှုကွန်ရက်စာမျက်နှာမှာ မကြာခဏ ပေါက်ကြားခဲ့ပြီးနောက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းအချက်အလက်လုံခြုံရေးကို စနစ်တကျကြီးကြပ်ဖို့ ဇန်နဝါရီလ ၂၇ ရက် နေပြည်တော်က စစ်ကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်တဲ့ အစည်းအဝေးပါ အချက်အလက်တွေ ဇန်နဝါရီလ ၁၅ ရက်မှာ လူမှုကွန်ရက်မီဒီယာတွေ ကနေ ပေါက်ကြားခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှတ်တမ်းတွေထဲမှာ ပြည်နယ်နဲ့ တိုင်းအသီးသီးက အခြေအနေတွေနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့၊ စစ်ကောင်စီပိုင် မီဒီယာတွေကနေ လူစိတ်ဝင်စားစေမယ့် သတင်းတိုတွေနဲ့ ဖော်ပြဖို့ စတာတွေကို ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။
ဒီဖြစ်ရပ်ပြီးနောက် တစ်ပတ်ခန့်အကြာမှာ စစ်ခေါင်းဆောင်က အခုလို အစီအရင်ခံစာတွေ သတင်းအချက်အလက်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ဌာနဆိုင်ရာတွေကို အသေအချာ ကြီးကြပ်ဖို့ ပြောလာတာပါ။
ဒီအပြင် စစ်ကောင်စီတာဝန်ယူထားချိန်အတွင်းမှာ နိုင်ငံတချို့ရဲ့ပိတ်ဆို့မှုတွေနဲ့ ရှုတ်ချမှုတွေကို ကြုံရတဲ့အတွက် နိုင်ငံတကာဆက်ဆံရေးမှာ အကျပ်အတည်းရှိနေတယ် လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဝန်ခံပြောဆိုခဲ့ပါတယ်။
မြန်မာ့နိုင်ငံရေး မတည်မငြိမ်မှုတွေဟာ ပြည်ပနိုင်ငံတွေရဲ့ သဘောထားကွဲလွဲမှုနဲ့ ကြားဝင်စွက်ဖက်မှုတွေကြောင့်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အပြစ်တင်ပါတယ်။
စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်မှာ နှစ်နှစ်ပြည့်မှာပါ။ ကုလသမဂ္ဂနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ နှစ်နှစ်နီးပါးကာလ အတွင်း နိုင်ငံတဝန်းက လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သား ၁ ဒသမ ၁ သန်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသလို ပြည်သူ၂၈၉၄ ဦးသေဆုံးခဲ့ပါတယ်။