မင်းတပ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

RFA Burmese
2024.11.09
မင်းတပ်မှာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီတပ် မီးရှို့ခဲ့တာကြောင့် နေအိမ်များမီးလောင်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။
Ĥkl Mindat

ချင်းပြည်နယ် မင်းတပ်မြို့ကို နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် လတ်တလောမှာ ဆယ်အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"မီးရှို့တာ ဟုတ်ပါတယ်၊ အရေအတွက်ကတော့ လောလောဆယ် ပြောဖို့ ခက်တယ်ဗျ ၊ အိမ်လုံးတွေက တစ်ဆက်တည်း ရှိနေတာဖြစ်လို့ ဆယ်လုံးထက် မနည်း ဖြစ်မယ်လို့တော့ ကနဦး ခန့်မှန်းရပါတယ်"

စစ်ကောင်စီဘက်က မင်းတပ်မြို့ပေါ်နေရာတွေကို လေကြောင်းကနေ တောက်လျှောက် ပစ်ခတ်နေပြီး တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ လတ်တလော အသေးစိတ်မဖြေနိုင်သေးဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်ကလည်း မင်းတပ်မြို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်က နေအိမ် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF- Mindat) တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။