မင်းတပ်က စစ်ဘေးဒုက္ခသည် သုံးဦး အဖမ်းခံရပြီးနောက်ပျောက်ဆုံး
2023.07.27
ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ စစ်ဘေးဒုက္ခသည် လေးဦးကို ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဲဒီအထဲက သုံးဦး ပျောက်ဆုံးနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။
သူတို့ကို စစ်ကောင်စီရဲ့ ခလရ ၂၇၄ တပ်ရင်းက ဖမ်းဆီးသွားတာဖြစ်ပြီး စစ်ကြောရေးမှာ အသတ်ခံထားရဖွယ်ရှိတယ်လို့လည်း သူက ပြောပါတယ်။
"သေသွားတယ်၊ အလောင်းဖျောက်လိုက်တယ်လို့ ပြောရတာက စစ်ကောင်စီတပ်က ဖမ်းသွားတဲ့ ကျွန်တော်တို့ လူတွေကို သူတို့ဆီမှာမရှိတော့ဘူးလို့ ပြောတယ်လေ။ ပြီးတော့ ဒီရက်ပိုင်းထဲမှာပဲ တပ်ထဲမှာ နှိပ်စက်လို့ခံရတဲ့ လူတွေရဲ့ အော်ဟစ်တဲ့ အသံတွေကို နေ့တိုင်းလောက် ကြားရတယ်လို့လည်း ဘေးနားဝန်းကျင်က အိမ်တွေရဲ့ ပြောကြားချက်အရ သိရတယ်။ ဒါကြောင့် တပ်ကသတ်ဖြတ်ပြီး အလောင်းဖျောက် လိုက်တယ်လို့ ယူဆပြီး ပြောတာပါ၊ သက်သေတော့ မရှိသေးဘူးပေါ့"
စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် အဲဒီတပ်မှာ ကနဦးသွားရောက်စုံစမ်းရာမှာ စစ်ဆေးမေးမြန်းနေတယ်လို့ ဖြေကြားခဲ့ကြပေမယ့် ဇူလိုင်လ ၂၆ ရက် မနေ့က ထပ်မံသွားရောက် စုံစမ်းရာမှာတော့ သူတို့သုံးဦးစလုံး တပ်ထဲမှာ မရှိတော့တဲ့အကြောင်း စစ်ကောင်စီတပ်သားတွေက ပြန်လည်ပြောဆိုခဲ့ကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
အဖမ်းခံရပြီး ပျောက်ဆုံးနေသူသုံးဦးဟာ ဦးဟုန်းကီး၊ ဦးချိုင်းကီးနဲ့ ဦးဟုန်းချွဲတို့ဖြစ်ပြီး လွတ်မြောက်လာတဲ့ သူကတော့ ဆေးကုသမှုခံယူနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။
"လွတ်လာတဲ့သူက ထူးခြားတယ်ပြောရမှာပေါ့။ သူလည်း တော်တော်လေး နှိပ်စက်ခံခဲ့ရပါတယ်။ သတိလွတ်သွားတဲ့အထိ နှိပ်စက်ခံခဲ့ရသူပါ။ သေသွားပြီလို့ ယူဆရတဲ့အတွက်ကြောင့်လည်း စစ်ကောင်စီဘက်က သူတို့ ခလရ ၂၇၄ တပ်ရင်းနဲ့ နီးတဲ့ ချောက်ထဲကို ပစ်ချခဲ့ပုံရပါတယ်။ သတိပြန်ရလာတဲ့အချိန် ပြေးလာလို့ လွတ်မြောက်လာခဲ့တဲ့သူပါ"
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သီးသန့်ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
အဖမ်းခံထားရသူတွေဟာ မင်းတပ်မြို့နဲ့ အနီးဝန်းကျင်ရွာတွေကဖြစ်ပြီး တိုက်ပွဲတွေကြောင့် မြို့ပေါ်က ဘုရားကျောင်းမှာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ခိုလှုံနေကြသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။