မြဝတီက အွန်လိုင်းလိမ်လည်မှုတွေ နှိမ်နင်းရန် စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းစစ်ဦးစီးချုပ် ဆွေးနွေး

ထိုင်း - မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်လုပ်ငန်း) တွေကို ပူးပေါင်းနှိမ်နင်းဖို့ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဇန်နဝါရီလ ၁၂ ရက်က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒီဆွေးနွေးမှုကို အွန်လိုင်းကတစ်ဆင့် ပြုလုပ်ခဲ့တာပါ။

အွန်လိုင်းလောင်းကစားမှု နဲ့ ငွေကြေးလိမ်လည်မှုတွေဟာ နှစ်နိုင်ငံနယ်စပ် မြဝတီမြို့အနီး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီလုပ်ငန်းတွေကို ပူးပေါင်းတိုက်ဖျက်တာအပြင် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း မူးယစ်ဆေး၊ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ စစ်ကောင်စီက ပါဝင်ပတ်သက်နေတယ်လို့ ဇန်နဝါရီလ ၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကျားဖြန့်လုပ်ငန်းတွေကို တရုတ်အစိုးရ၊ ထိုင်းအစိုးရတို့နဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့ KNU ဗဟို ပြောခွင့်ရသူ ပဒိုစောတောနီးက ပြောပါတယ်။

"ဒီလို ဆိုးရွားတဲ့ ရာဇဝတ်လုပ်ငန်းတွေသည် စစ်ကောင်စီထံကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဖျက်ဖို့အတွက် စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက် နေသမျှ ဘာအဖြေမှ ထွက်လာမှာမဟုတ်ဘူး။ ထိုင်းနဲ့ တရုတ်ကို ပန်ကြားလိုတာက ဒီလုပ်ငန်းတွေကိုတိုက်ဖျက်မယ်ဆိုရင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုဆိုပါတယ်"

ဒီလိုတိုက်ဖျက်ဖို့အတွက် အသေးစိတ်ဆွေးနွေးဆောင်ရွက်ဖို့လည်း တရုတ်နဲ့ ထိုင်း အာဏာပိုင်တွေကို KNU က တိုက်တွန်းထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းကို အခြေပြုလှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကိုတော့ တရုတ်အစိုးရက စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ဖျက်တာရှိသလို ဒေသခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေပါတယ်။