လားရှိုးကနေ တပ်ဆုတ်တာမရှိကြောင်း MNDAA နဲ့ နီးစပ်သူတွေ ပြော
2024.11.20
![လားရှိုးကနေ တပ်ဆုတ်တာမရှိကြောင်း MNDAA နဲ့ နီးစပ်သူတွေ ပြော လားရှိုးကနေ တပ်ဆုတ်တာမရှိကြောင်း MNDAA နဲ့ နီးစပ်သူတွေ ပြော](https://www.rfa.org/burmese/news/mndaa-in-lashio-11202024023258.html/@@images/de855b85-9f60-4278-88fa-9a4916f503c9.jpeg)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် (MNDAA) ကို ပြန်လည်ဆုတ်ခွာပေးဖို့ တရုတ်နိုင်ငံက ဖိအားပေးနေပေမဲ့ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်အတိုင်း လည်ပတ်နေတုန်းပဲလို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပြောပါတယ်။
MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို တရုတ်နိုင်ငံက ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက်ပိုင်း လားရှိုးမြို့ကနေ MNDAA တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာနေပြီဆိုပြီး Facebook နဲ့ Tiktok စတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြန်နှံ့နေတာပါ။
MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ဦးကတော့ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာတာမရှိဘဲ အုပ်ချုပ်ရေးယန္တရားတွေ ပုံမှန်လည်ပတ်နေတယ်လို့ RFA ကို ပြောပါတယ်။
“လားရှိုးကနေ တပ်တွေ ဆုတ်ခွာတယ်ဆိုတာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်း အုပ်ရေးယန္တရားတွေ လည်ပတ်နေပါတယ်။ လိုင်းပေါ်မှာ ပြန့်နှံ့နေတာတွေကလည်း မဟုတ်ပါဘူး”
လားရှိုးမြို့အပြင် MNDAA ထိန်းချုပ်ထားတဲ့ မြို့တွေမှာလည်း အုပ်ချုပ်ရေး ယန္တရားတွေ ပုံမှန်အတိုင်း လည်ပတ်နေတုန်းပဲလို့ MNDAA တပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကတော့ လားရှိုးမြို့နဲ့ မိုင်လေးဆယ်ကျော် အကွာမှာရှိတဲ့ မိုင်းရယ်မြို့မှာ အခြေချပြီး လားရှိုးမြို့ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကြောင့် MNDAA နဲ့ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က လားရှိုးမြို့ကို ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း လားရှိုး အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ပေါင်း ကိုးမြို့ကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားပြီး လားရှိုးမြို့ကနေ တပ်တွေပြန်ဆုတ်ပေးဖို့ ဖိအားပေးတဲ့အနေနဲ့ တရုတ်နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းသယ်ဆောင်ခွင့်ကို တရုတ်နိုင်ငံက ကန့်သတ်ထားတယ်လို့ ရှမ်းပြည်စစ်ရေးလေ့လာသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ကုန်ပစ္စည်းတင်သွင်းခွင့် ကန့်သတ်ထားတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အောက်တိုဘာလ ၂၃ ရက်နေ့မှာ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
MNDAA ခေါင်းဆောင် ဦးဖုန်တာရွှင်ကို ဖမ်းဆီးထားတဲ့ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုထားပါတယ်။