ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ ရခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ဒီနေ့ ပူးပေါင်းကြေညာချက်ထုတ်လိုက်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်တဲ့ အချိန်တွေမှာ တပ်မတော်အနေနဲ့ ဒေသခံတိုင်းရင်းသားတွေကို ဦးတည်တိုက်ခိုက်နေတာဟာ ပြည်ထောင်စုပြိုကွဲနိုင်တဲ့ လုပ်ရပ်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဝေဖန်ထောက်ပြထားပါတယ်။
ဒ့ါအပြင် တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ကျေးရွာတွေမှာ ရခိုင်ပြည်သူလူထုနဲ့ ရခိုင်ရှေးဟောင်း သမိုင်းအမွေအနှစ် စေတီပုထိုးတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် တိုက်လေယာဉ်သုံး တိုက်ခိုက်တာတွေရှိနေတာကြောင့် စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ကြေညာချက်မှာ ပါဝင်ပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ဒီနေ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်တာ မရှိကြောင်း နဲ့ AA အဖွဲ့က တိုက်ခိုက်တာကြောင့် ပြန်လည်ပစ်ခတ်ရတာလို့ RFA ကို ဒီနေ့ ပြောပါတယ်။
ဒါ့အပြင် AA အဖွဲ့ဟာ လူနေအိမ်တွေကြားကနေ တပ်မတော်ကို ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြန်လည်ပစ်ခတ်တာဖြစ်ကြောင်းနဲ့ ရှေးဟောင်းစေတီပုထိုးနေရာတွေမှာ AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ဖို့ ကျင်းတူးထားတာတွေရှိတာကြောင့် တပ်မတော်အနေနဲ့ ပြန်လည်ပစ်ခတ်ရတာဖြစ်ကြောင်းလည်း ပြောထားပါတယ်။
တပ်မတော်ဟာ ရခိုင်ပြည်နယ် မြောက်ဦးအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ပြည်သူတွေကို အဓိကထားတိုက်ခိုက်နေတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။
" ဗမာတပ်မတော်က ရန်သူဘယ်သူမရှိဘဲ လူထုကိုဦးတည်ပြီး ပစ်ခတ်တာပေါ့နော်၊ ခုမြောက်ဦးမှမဟုတ်ပါဘူး အရင်ကတည်းက တိုင်းရင်းသားဒေသတွေမှာ လူထုကိုဦးတည်ပြီး ပစ်ခတ်တာတွေရှိတယ်၊ အဲတာကတော့ ဗမာတပ်မတော်ရဲ့လုပ်ရပ်က လူထုအတွက် အတော်လေးခံရတာပေါ့၊ ဗမာတပ်မတော်နဲ့အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီးမှ အဆင့်ဆင့်ပြုလုပ်ပြီး အရေးယူသွားဖို့လိုတယ် "
တပ်မတော်အနေနဲ့ ရခိုင့်တပ်မတော်နဲ့ ရခိုင်ပြည်သူတွေကို အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်တာတွေဟာ လက်ရှိနိုင်ငံရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
" အခုလိုမျိုး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးနေတဲ့အချိန်မှာ အခုလိုတိုက်ပွဲဖြစ်တာက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ မှန်ကန်တဲ့ဖြေရှင်းတဲ့ နည်းလမ်းလည်းမဟုတ်ဘူး စစ်ရေးရှိနေခြင်းအားဖြင့် ဆွေးနွေးပွဲတဖက်ကနေ အဟန့်အတားတွေဖြစ်စေနိုင်တာပေါ့ ယုံကြည်မှုတွေကျဆင်းစေတာပေါ "
TNLA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် ပြောသွားတာပါ။
မြန်မာနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်ကပြုလုပ်နေတဲ့ ထိုးစစ်တွေကို ရပ်ဆိုင်းပြီး စစ်မှန်တဲ့ တွေဆုံဆွေးနွေးစတင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အစိုးရနဲ့ တပ်မတော်ကို မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ဖွဲ့က စွပ်စွဲထားသလို တပ်မတော်ဟာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက် တယ်ဆိုတာနဲ့ ပတ်သက်ပြီး RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ဒီမြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဟာ စစ်ရေး၊ နိုင်ငံရေးမဟာမိတ်အဖွဲ့တွေဖြစ်ကြပြီး ရခိုင့်တပ်မတော်၊ ရခိုင်လူထုနဲ့အတူ ရပ်တည်ကြောင်းနဲ့ အတူပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြောက်ဦးမြို့မှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ AA နဲ့ တပ်မတော်တို့အကြား အပြန်အလှန်စွပ်စွဲပြစ်တင်တာတွေပဲ ရှိနေတာပါ။
အစိုးရနဲ့အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ PNLO ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ နှစ်ဖက်စလုံးမှာ တာဝန်ရှိကြောင်း ပြောပါတယ်။
" ကျနော်တို့ကတော့ ဒီလိုမျိုး ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာမျိုးတွေနဲ့ ပတ်သက်ရင်တော့ ဒါဟာ အပြန်အလှန်အားဖြင့် ပြောနေတဲ့အပေါ်မှာ သဘောထားမှတ်ချက်မပေးလိုပါဘူး၊ သို့သော် ဘယ်လို ပဲဖြစ်ဖြစ် နှစ်ဖက်ဒီလိုဖြစ်ကြတဲ့ တိုက်ပွဲတွေအပေါ်မှာ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ ပြောတာက အကောင်းဆုံးလို့ထင်ပါတယ် "
မြောက်ဦးမြို့အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်အတော်များများမှာ AA နဲ့တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ပြီး စစ်ရေးတင်းမာမှုတွေ ရှိနေပေမယ့် လာမယ့် မတ်လ ၂၁၊ ၂၂ ရက်နေ့တွေမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။