မိုးဗြဲမြို့အနီးတစ်ဝိုက် တိုက်ပွဲတွေရှိနေပြီး စစ်ကောင်စီတပ်က ဗုံးလေးကြိမ် ကြဲချ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးလေးကြိမ် ဆက်တိုက်ကြဲချပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တွေရဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီ KNDF တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက် ဒီနေ့မွန်းလွဲ တစ်နာရီခွဲခန့်မှာ ဗုံးလာကြဲတာလို့ သူက ပြောပါတယ်။
“သူတို့ တစ်ခါကြဲရင် သုံးလုံး။ အခုထိ နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်။ အထိအခိုက်တော့ မရှိဘူး။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဒရုန်းတွေနဲ့ နေ့တိုင်းနီးပါး ကြဲတယ်။ မိုးဗြဲမြို့အခြေစိုက် တပ်ရင်း ခမရ - ၄၂၂ ကနေပြီး သူတို့က လက်နက်ကြီးတွေနဲ့ ထုတယ်”
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်ကနေ မိုးဗြဲမြို့ကို လေယာဥ်၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် အိမ်ပေါင်း သုံးဆယ်နီးပါးနဲ့ ဘာသာရေး အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့ထုတ်ပြန်တဲ့သတင်းမှာ ဖော်ပြထားပါတယ်။
ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်ရဲ့ ခလရ -၄၂၂ တပ်အခြေစိုက်ထားပါတယ်။ အဲဒီတပ်က မိုးဗြဲမြို့ကို စစ်ကြောင်းထိုးဖို့ ကြိုးစားနေတဲ့အတွက် အခုရက်ပိုင်းမှာ နေ့တိုင်း တိုက်ပွဲလေးတွေ ဖြစ်နေတယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း KNDF နဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးပြီး ဒုအရာခံဗိုလ် တစ်ဦး၊ တပ်သား ကိုးဦး စုစုပေါင်း ဆယ်ဦး၊ သေနတ်ခုနစ်လက်နဲ့အတူ KNDF ကို ဘက်ပြောင်းခိုလှုံလာတယ်လို့လည်း ဖော်ပြထားပါတယ်။