မိုးဗြဲမှာ တစ်နေကုန်တိုက်ပွဲပြင်းထန်၊ ကလေးငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်ဘက်မှာ ဇွန်လ ၅ ရက်နေ့ တစ်နေ့လုံး တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ်လို့ ဒေသခံခုခံကာကွယ်ရေးတပ်တွေက မေလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိုးဗြဲမြို့နေ အသက် ၁ဝ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးသွားတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

အရပ်သားနေအိမ်တွေပေါ် လက်နက်ကြီးကျလို့ အိမ်နှစ်လုံးမီးလောင်သွားပြီး ဒေသခံနှစ်ဦးလည်း ဒဏ်ရာရသွားတယ်လို့လည်း ဆိုပါတယ်။

မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နဲ့ မြို့ပြတော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းပြန်တိုက်နေတာဖြစ်ပါတယ်။

ဒီနေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ဦးထက်မနည်း သေဆုံးနိုင်ပြီး၊ PDF ဘက်ကတော့ သေဆုံးသူမရှိ၊ နှစ်ဦးဒဏ်ရာရတယ်လို့ PDF တွေက ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

မိုးဗြဲမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်ဖို့ရှိတာကြောင့် လွိုင်ကော်-ပင်လောင်း လမ်းမကြီးတစ်လျှောက် ခရီးမသွားကြဖို့ PDF တွေဘက်က သတိပေးထားပါတယ်။