မုန်တိုင်းသင့် ရခိုင်အတွက် FPNCC နဲ့ “ဝ” အဖွဲ့ ကျပ်သိန်းတစ်သောင်းလှူဒါန်း
2023.06.10
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်သူတွေအတွက် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တို့က အလှူငွေ ကျပ်သိန်းတစ်သောင်းကို ရက္ခိုင့်တပ်တော် AA က တစ်ဆင့် ဇွန်လ ၁၀ ရက်နေ့မှာ လှူဒါန်းလိုက်ပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်သူတွေအတွက် FPNCC က ကျပ်သိန်းငါးထောင်နဲ့ UWSA က လှူဒါန်းတဲ့ ကျပ်သိန်းငါးထောင် စုစုပေါင်း ကျပ်သိန်းတစ်သောင်းကို ပန်ခန်းမြို့မှာ ပေးအပ်ခဲ့တာပါ။
မိုခါမုန်တိုင်းနောက်ပိုင်း AA ကဖွဲ့စည်းထားတဲ့ ဆိုင်ကလုန်း Mocha မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်သူတွေအတွက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလား၊ မွန်ပြည်သစ်ပါတီ (MNSP) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကလည်း AA ကနေတစ်ဆင့် အလှူငွေတွေ ပေးအပ်ခဲ့ကြပါတယ်။
မေလ ၁၄ ရက်နေ့က တိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မှာ အနည်းဆုံး လူ ၁၄၈ ယောက် သေဆုံးခဲ့ပြီး နေအိမ်နဲ့ အဆောက်အအုံ တစ်သိန်းရှစ်သောင်းကျော် ပြိုလဲပျက်စီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒီမုန်တိုင်းကြောင့် ရခိုင်၊ ချင်း၊ ကချင်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ လူပေါင်း တစ်သန်း ခြောက်သိန်းခန့် ထိခိုက်ခံစားခဲ့ရတယ်လို့ UNOCHA က ဆိုပါတယ်။