မိုခါမုန်တိုင်းသင့်ဒေသမှာ သွားလာခွင့်ဆိုင်းငံ့ခံထားရဆဲဖြစ်ကြောင်း UN OCHA ပြော
2023.06.23

မိုခါဆိုင်ကလုန်းမုန်တိုင်းအပြီး အချိန်တစ်လကျော်ကြာတဲ့အထိ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လက်ရှိထုတ်ပေးထားတဲ့ ခရီးသွားခွင့်ပြုမိန့်တွေ ဆိုင်းငံ့ခံထားရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဇွန်လ ၂၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။
လူမှုကယ်ဆယ်ရေးအကူအညီတွေ ဖြန့်ဝေခွင့်နဲ့ ဝင်ရောက်ကူညီခွင့်အတွက် ကနဦးခွင့်ပြုချက်ကို ကန့်သတ်ထားတာက မိုခါမုန်တိုင်းတုံ့ပြန်ကူညီမှုလုပ်ငန်းတွေကို ထိခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာပိုင်တွေဘက်ရဲ့ ရုတ်တရက် ဒီဆုံးဖြတ်ချက်က မုန်တိုင်းဒဏ်သင့် ဒေသခံလူထုရဲ့ ဆိုးရွားနေပြီးသား စားဝတ်နေထိုင်ရေး အခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်လို့လည်း ထောက်ပြထားပါတယ်။
တစ်ချိန်တည်းမှာ လိုအပ်ချက်တွေများပြားနေတဲ့ ဒေသခံတွေဆီကို ဝင်ရောက်ကူညီခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ရရှိဖို့အတွက် နေပြည်တော်နဲ့ ပြည်နယ်အဆင့်ရှိ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလည်း ဆောင်ရွက်နေတယ်လို့ UN OCHA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ လူမှုအဖွဲ့အစည်းတွေ လှူဒါန်းထောက်ပံ့တာတွေ လုပ်မယ်ဆိုရင် တားမြစ်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ ၁ ဒသမ ၆ သန်း ထိခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။