မုန်တိုင်းကြောင့် ဝိုင်းမော်က ရှအစ်ယန်စစ်ဘေးဒုက္ခသည်စခန်း ပျက်စီး

ဝိုင်းမော်မြို့နယ်မှ ရှအစ်ယန် (Sha It Yang) စစ်ဘေးဒုက္ခသည်စခန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည်ကို ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
ဝိုင်းမော်မြို့နယ်မှ ရှအစ်ယန် (Sha It Yang) စစ်ဘေးဒုက္ခသည်စခန်း မုန်တိုင်းကြောင့် ပျက်စီးခဲ့သည်ကို ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

မိုခါမုန်တိုင်းကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပါဂျောင်ရွာအနီးက ရှအစ်ယန် (Sha It Yang) စစ်ဘေးဒုက္ခသည်စခန်းမှာ မေလ ၁၄ ရက်ညက စာသင်ကျောင်းဆောင် အပါအဝင် နေအိမ်အဆောက်အအုံ ၅၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒုက္ခသည်စခန်း ဒုတာဝန်ခံ ဦးမဝိုင်အောင်ဒီးက ပြောပါတယ်။

“မူကြိုကျောင်း၊ စာသင်ကျောင်းဆောင်၊ နေအိမ်တွေ၊ မီးဖိုးချောင်တွေ နည်းနည်းစီ ပျက်စီးတဲ့ဟာတွေ အားလုံးဆိုရင်တော့ အဆောက်အအုံ ၅၀ လောက်ရှိမယ်။ သွပ်မိုးတွေ လွင့်သွားတာများတယ်။ မူကြိုကျောင်းဆို တော်တော်ပျက်စီးသွားပြီ။ သွပ်တွေတော့ အကူအညီလိုအပ်နေတယ်”

မေလ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်ကနေစပြီး မိုးသက်လေပြင်း တိုက်ခတ်ခဲ့တာလို့ ပြောပါတယ်။

နောက်ထပ်စစ်ဘေးဒုက္ခသည် တစ်ဦးကလည်း မုန်တိုင်းကိုစိုးရိမ်ပြီး အိမ်လို့တောင် မရခဲ့ဘူးလို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ်က ဆမ်ပိုင်၊ အောင်ဂျာ၊ ဆွတ်ခေါင်၊ ဒိန်ဂါ စတဲ့ ကျေးရွာ ၂၀ နီးပါးက စစ်ဘေးဒုက္ခသည် ၁၃၀၀ ကျော် ဒီဒုက္ခသည်စခန်းမှာ နေထိုင်ပါတယ်။

မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကနေ စတင် ဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့တွေကိုဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ်အဖြစ် အားလျော့ကာ တရုတ်နိုင်ငံအတွင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွား တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။