စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပဋိပက္ခဖြစ်ပွားရာဒေသတွေထဲက မိုခါမုန်တိုင်းသင့်ဒေသတွေမှာ ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် မြေမြှုပ်မိုင်းတွေ ရွေ့လျားတဲ့ အန္တရာယ်ပိုများလာတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ချုပ် IFRC က ထောက်ပြလိုက်ပါတယ်။
မိုခါမုန်တိုင်းသင့်ဒေသတွေမှာ IFRC က ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေကို မေလ ၂၆ ရက်နေ့က ထုတ်ပြန်ရာမှာ မြေမြှုပ်မိုင်း အန္တရာယ်ကို ထည့်သွင်းထောက်ပြခဲ့တာပါ။
မိုခါမုန်တိုင်းဒဏ်ခံရသူတွေကို ကူညီပေးနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းကလည်း မိုခါမုန်တိုင်းကြောင့် သစ်ပင်၊ သစ်ကိုင်းတွေ ကျိုးကျပြီး ဒေသခံတွေ အရင်သွားလာနေတဲ့ လမ်းတွေပျောက်သွားတာတွေရှိတဲ့အတွက် မိုင်းကွင်းတွေထဲကို လမ်းမှားရောက်သွားနိုင်တဲ့ အန္တရာယ်တွေ တွေ့နေရတယ်လို့ ပြောပါတယ်။
"မြေမြှုပ်မိုင်းတွေ နေရာရွေ့လို ထိခိုက်တာတွေတော့ လောလောဆယ်မတွေ့ရသေးဘူး၊ ဒါပေမဲ့ မုန်တိုင်းဖြတ်သန်းသွားတဲ့ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး အဲ့ဒီဘက်တွေမှာ မုန်တိုင်းကြောင့် သစ်ပင်၊ သစ်ကိုင်းတွေ ကျိုးကျပြီးတော့ ဒေသခံတွေ အရင်သွားလာနေတဲ့ လမ်းတွေ ပျောက်သွားတာကြောင့် မိုင်းကွင်းထဲကို လမ်းမှားရောက်သွားနိုင်တဲ့ အခြေအနေတွေကို တွေ့နေရတယ် "
မုန်တိုင်းသင့်ခဲ့သူတွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေတယ်လို့လည်း IFRC က ပြောပါတယ်။
ဆေးရုံ၊ ဆေးခန်းတွေ မုန်တိုင်းကြောင့် ပျက်စီးသွားတာတွေအတွက် လူနာတွေကို ကုသပေးနိုင်ဖို့လည်း အကန့်အသတ်တွေရှိနေတဲ့အပြင် ဆေးဝါးပြတ်လပ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာဆိုရင် လူဦးရေ ခြောက်သန်းနီးပါးဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေတယ်လို့ မိုခါမုန်တိုင်းသင့်ဒေသတွေမှာ IFRC က ကူညီဆောင်ရွက်ပေးနေတဲ့ အခြေအနေကို မေလ ၂၆ ရက်နေ့က ထုတ်ပြန်ရာမှာ ထည့်သွင်းထောက်ပြခဲ့ပါတယ်။
မြေမြှုပ်မိုင်းအသိပညာပေးရေးအဖွဲ့ (Explosive Ordnance Risk Education in Myanmar) ကလည်း မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေဟာ မိုးကြီးတာ၊ ရေကြီးတာနဲ့ မြေပြိုတာကြောင့် မူလနေရာကနေ တခြားနေရာကို ရွေ့လျားတတ်လို့ တွေ့ရင် မကိုင်တွယ်ကြဖို့ မေလ ၁၂ ရက်မှာ အသိပေးထားပါတယ်။
ဒီနှစ် ဇန်ဝါရီလကနေ မတ်လအထိ နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ၇၃ ဦးသေဆုံးပြီး ၂၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြီးခဲ့တဲ့ ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။