မိုခါမုန်တိုင်း ဝင်ရောက်သွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲမှာ မုန်တိုင်းဒဏ်ခံ ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘူးသီးတောင်မြို့နယ်မှာလည်း နေအိမ် အဆောက်အအုံတွေ ပျက်စီးတာ၊ ဆက်သွယ်ရေး ပြတ်တောက်တာနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မုန်တိုင်းစဲပြီးချိန်ကနေ လက်ရှိအချိန်မှာ ကယ်ဆယ်ရေးတွေ ရောက်လာတာ မရှိပါဘူး။ စားသောက်ဖို့ တခြားရွာတွေက ယူပြီးတော့ ဝိုင်းဝန်းကူညီပြီး စားသောက်ရတာပါ။ မုန်တိုင်းပြီးကတည်းက ထမင်းမစားရတဲ့သူတွေလည်း ရှိပါတယ်။ ဘူးသီးတောင် အောက်ပိုင်းက ကျေးရွာတွေအကုန် ပျက်စီးသွားတာပါ"
ဒီလို ဘူးသီးတောင်မြို့နယ်ထဲက ထိခိုက်ပျက်စီးသွားတဲ့ ကျေးရွာအုပ်စုဟာ ၁၅ ခု လောက်ရှိပြီး ကျေးရွာအုပ်စုတစ်ခုမှာ ၆ ရွာခန့် ပါဝင်နေပါတယ်။
ဘူးသီးတောင်မြို့နယ်မှာ မုန်တိုင်း မတိုက်ခင်က ကြက်ဥတစ်လုံး ၃၀၀ သာရှိခဲ့ရာကနေ အခု ကြက်ဥတစ်လုံးကို အနည်းဆုံး ၅၀၀ ကျပ်နဲ့အထက်မှာ ရှိနေပြီး ပိုက်ဆံရှိရင်တောင် ဝယ်ယူလို့ မရဘူးလို့ အဲဒီ ဒေသခံက ပြောပါတယ်။
ဖုန်းဆက်သွယ်ရေးလိုင်းတွေဟာလည်း မုန်တိုင်းကြောင့် ပြတ်တောက်နေပြီး ဘူးသီးတောင်မြို့ပေါ်မှာ ATOM ဆင်းမ်ကတ်နဲ့ ဆက်သွယ်လို့ ရတာကြောင့် ဆင်းမ်ကတ်တစ်ခုကို အရင် ငါးထောင်ကျပ်ကနေ အခု ခြောက်သောင်းကျပ်အထိ ပေါက်ဈေး ရှိနေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီကတော့ ဘူးသီးတောင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားတယ်လို့ ဆိုပါတယ်။
မုန်တိုင်းမဝင်ရောက်ခင်မှာ ရက္ခိုင့်တပ်တော် (AA) က ကြိုတင်ပြင်ဆင်ဖို့ သတိပေးတာတွေ ရှိခဲ့ပေမဲ့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ အသိပေးတာမျိုး မရှိခဲ့ဖူးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
စစ်ကောင်စီကတော့ စစ်ရေယာဉ်၊ ကမ်းထိုးယာဉ်တွေအပါအဝင် ရေတပ်ရဲ့ အကြီးဆုံး စစ်ရေယာဉ် မုတ္တမကိုပါ ရခိုင် ပြည်နယ်အတွင်း ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ဖို့ စေလွှတ်ထားပြီး မေလ ၁၈ ရက်နေ့ ဒီနေ့မှာ စစ်တွေမြို့ကို ရောက်ရှိနေပါတယ်။
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွက် ရက္ခိုင့်တပ်တော် (AA)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်ပနိုင်ငံတွေက ကူညီကယ်ဆယ်ဖို့ အလှူငွေတွေ ထည့်ဝင်ထားကြတာတွေလည်း တွေ့ရပါတယ်။