မိုးကောင်းမှာ အသေးစားကျောက်စိမ်းတူးဖော်မှုကြောင့် မြေပြိုမှာကို ဒေသခံတွေစိုးရိမ်နေ

မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်တွင် အသေးစား ကျောက်စိမ်းတူးဖော်နေသည်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။
မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်တွင် အသေးစား ကျောက်စိမ်းတူးဖော်နေသည်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။ (Citizen Journalist)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နန့်ရင်းရပ်ကွက်ထဲမှာ ကျောက်စိမ်း အသေးစားတူးဖော်မှုတွေ အလွန်အကျွံလုပ်လာတာကြောင့် မြေပြိုကျမှုဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အသေးစားကျောက်စိမ်းတူးဖော်တာကို အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကတည်းက ရပ်ကွက်နေ ပြည်သူတွေ စတင်လုပ်ဆောင်ခဲ့ကြပြီး ကျွင်းတစ်ကျွင်းဟာ ပေ ၂၀ အကျယ်နဲ့ ၁၅ ပေကျော်နက်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်း လူမနေတဲ့ခြံကွက်တွေနဲ့ လမ်းမတွေမှာပါ ပေါ်ပေါ်တင်တင် တူးလာကြတယ်လို့ နန့်ရင်းရပ်ကွက်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုဆိုရင် မိုးတွင်းရောက်ပြီ၊ တူးထားတဲ့ ကျွင်းတွေထဲကိုရေဝင်မယ်၊ အဲဒီကနေတဆင့် မြေပြိုမယ်။ အိမ်တွေပါ ပါကုန်တော့မှာ၊ မတူးနဲ့လို့မပြောဘူး တူးကြပါ။ အန္တရာယ်ကိုလည်း သတိထားစေချင်တယ်။ ကျွန်မတို့အိမ်ဘေးဆို လာကြည့်စေချင်တယ်။ ကျွင်းအပေါက်တွေချည်းပဲ၊ အရင်က ညဘက်ပဲတူးတာ အခုနေ့ဘက်ပါ ပေါ်တင် တူးလာကြတာ"

အခုလိုစည်းကမ်းမဲ့ ကျောက်စိမ်းတူးဖော်နေတာတွေကို မြို့နယ်က သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေအနေနဲ့ ထိန်းသိမ်းကြပ်မတ်စေချင်တယ်လို့လည်း ဆိုပါတယ်။

ကျောက်စိမ်းတူးဖော်နေတာကို အချိန်မီမတားဆီးနိုင်ရင် နန့်ရင်းရပ်ကွက်ဟာ ဒုတိယဖားကန့်ဖြစ်လာနိုင်တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုကာလက အာဏာသိမ်းထားလို့ စားရေးသောက်ရေးခက်တယ်။ အလုပ်ရှားနေတယ်ဆိုတာ သိပါတယ်။ အဲဒီလိုဆိုတိုင်း လူနေထိုင်တဲ့ ရပ်ကွက်မှာ ကျောက်စိမ်းတူးလို့ ရမလား။ အကုန်ဒုက္ခရောက်ကုန်မှာပေါ့။ သက်ဆိုင်ရာ အဖွဲ့တွေက အချိန်မီမတားဘူးဆိုရင်တော့ ဒုတိယဖားကန့်ဖြစ်လာမှာ သေချာတယ်။ မိုးရွာလိုက်၊ မြေပြိုလိုက်၊ လူသေလိုက်နဲ့ သံသရာလည်တော့မှာ"

မိုးကောင်းမြို့နယ်မှာ တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ကျောက်ခွဲစက်ရုံ ၅၀ ကျော်ရှိနေပြီး တူးဖော်လို့ရတဲ့ ကျောက်စိမ်းတွေကို အဲဒီမှာ သွားရောင်းကြတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့မှာတော့ NLD အစိုးရလက်ထက် ကိုဗစ်-၁၉ စဖြစ်ကတည်းက ကျောက်စိမ်း တူးဖော်တာကို ရပ်နားထားသလို စစ်ကောင်စီ လက်ထက်မှာလည်း ခွင့်ပြုထားတာမျိုး မရှိဘူးလို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက RFA ကို မကြာခဏ ဖြေဆိုထားပါတယ်။