ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှာ အခုရက်ပိုင်း မိုးသည်းထန်စွာရွာပြီး ဘီလူးချောင်းရေ မြင့်တက်လာသလို မိုးဗြဲဆည်ကနေ ရေလွှတ်ချနေတာကြောင့် ညောင်ဝိုင်းရပ်ကွက်၊ စျေးကုန်းရပ်ကွက် နဲ့ ဘုရားဖြူ၊ ဘုရားနီ ကျေးရွာ၊ ဖောင်းတောကျေးရွာက နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ ကိုယ်တိုင်ရေဘေးကြုံနေရတဲ့ မိုးဗြဲမြို့ခံ ကိုသစ္စာက RFA ကို ပြောပါတယ်။
“ဘုရားဖြူ၊ ဘုရားနီက ရွာကြီးတွေပေါ့နော်။ မြုပ်နေတာကြာပြီ၊ အနိမ့်ပိုင်းဖြစ်တော့ အိမ်ခေါင်မိုး အထိမြုပ်တယ်။ နောက်ပြီး ညောင်ဝိုင်းရပ်ကွက်လည်း မြုပ်တယ်။ သူ့အရှေ့က လယ်မြေတွေလည်း အကုန်လုံးမြုပ်သွားတယ်။ ဒီနေ့အထိလည်း ရေက မြုပ်နေတုန်းပဲ။ အဓိက မိုးဗြဲဆည် ရေလွှတ်ချတာပေါ့”
ရေကြီးတာကြောင့် ဘုရားဖြူ၊ ဘုရားနီရွာက အိမ်ခြေ ရှစ်ရာ၊ ဖောင်းတော ရွာက အိမ်ခြေ သုံးရာ၊ ညောင်ဝိုင်း ရပ်ကွက်က အိမ်ခြေ သုံးရာနီးပါး၊ စျေးကုန်းရပ်ကွက်က အိမ်ခြေ လေးဆယ်နီးပါးအပါအဝင် စုစုပေါင်း အိမ်ခြေ ၁၅၀၀ ခန့် ရေနစ်မြုပ်နေတယ်လို့ ကိုသစ္စာက ပြောပါတယ်။
ရပ်ကွက်ကျေးရွာတွေအပြင် ဘီလူးချောင်းအစပ်နဲ့ ဆည်ဘေးမှာရှိတဲ့ ရိတ်သိမ်းကာနီး လယ်မြေ ဧက နှစ်ထောင် ဝန်းကျင်လည်း ရေနစ်မြုပ်ပျက်စီးသွားတယ်လို့ ကိုယ်တိုင်ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရသူ မိုးဗြဲ ဒေသခံ နောက်တစ်ဦးဖြစ်တဲ့ ကိုဒီရာက ပြောပါတယ်။
ရေနစ်မြုပ်တာကြောင့် ညောင်ဝိုင်း၊ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော ဈေးကုန်းရပ်ကွက်က ဒေသခံအချို့နဲ့ တိုက်ပွဲကြောင့် မိမိတို့လယ်မြေထဲမှာ တဲထိုးပြီး စစ်ဘေးရှောင်နေရတဲ့ ဒေသခံ ၁၅၀၀ ကျော်ဟာ ရေဘေး လွတ်ရာကို ထပ်မံ တိမ်းရှောင်နေရတယ်လို့ ကိုဒီရာက ပြောပါတယ်။
“မြို့ထဲမှာနေလို့မရတဲ့သူတွေက လယ်ကွက်တွေထဲမှာ တဲထိုးပြီး စစ်ရှောင်နေကြရတာလေနော်။ အခုက စပါးတွေလည်း ရိတ်ကာနီးအချိန်ဖြစ်နေတော့ တော်တော်များများက လယ်ကွက်ထဲ မှာပဲနေကြတာ။ အခုက ဆည်ရေက အဆမတန်ဖောက်ချလာတော့ အကုန်လုံး စပါးခင်းတွေ ရေမြုပ်တယ်။ လူတွေလည်း ပြန်ပြီး ရှောင်ရတာ အများကြီး။ ကပ်ဘေးဆိုက်သလိုပဲ”
မိုးဗြဲမြို့က ဒေသခံတွေ ရေဘေးအန္တရာယ် ကြုံနေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မိုးဗြဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အခုလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက မိုးဗြဲဆည်ကနေ ရေအဆမတန်လွှတ်ချနေလို့ ရိတ်သိမ်းကာနီး စပါးခင်းဧက ငါးရာနဲ့ မွေးမြူရေးငါးကန် တစ်ရာ လောက် ရေနစ်မြုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
မိုးဗြဲမြို့နယ်အတွင်းမှာ အခုလို ရေတက်နေတာ တစ်ပတ်လောက်ရှိနေပြီဖြစ်ပြီး အောက်တို ဘာလ ၂၀ ရက်နေ့ ဒီနေ့ နေ့လယ်ပိုင်းအထိ ရေက ဆက်ပြီးတက်နေတာကြောင့် ဒေသခံတချို့ ဟာ သူတို့စိုက်ပျိုးထားတဲ့ စပါးတွေ ကို ရသလောက် ရိတ်သိမ်းနေကြပြီး အများစုက ရေဘေးလွတ်ရာမြို့ပေါ် ရပ်ကွက်နဲ့ ဖယ်ခုံ၊ လွိုင်ကော်မြို့ပေါ် တွေကို တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ ဒေသခံအားလုံးနီးပါး စစ်ဘေး တိမ်းရှောင်နေရပြီး ယခင်ကတည်းက အကူအညီတွေ မရခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ရေဘေးကြုံရတဲ့သူတွေအတွက် စားစရာနဲ့ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေပြီး ဒီနေ့အထိ ဘယ်အဖွဲ့အစည်းကမှ အကူအညီတွေ လာရောက်ပေးတာ မရှိသေးဘူးလို့ ဒေသခံက ပြောပါတယ်။