မိုးဗြဲ-လွိုင်ကော်လမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုး
2025.01.08

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ-လွိုင်ကော်လမ်းကို စစ်ကောင်စီတပ်က အခုရက်ပိုင်းမှာ အင်အားတစ်ရာကျော် အသုံးပြုပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောပါတယ်။
မိုးဗြဲ မြို့ ခမရ -၄၂၂ တပ်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေသလို ဖယ်ခုံမြို့ကနေ မိုးဗြဲမြို့ အဝင်ကို စစ်အင်အား တစ်ရာကျော်နဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ မိုးဗြဲသေခံတစ်ဦးက ပြောပါတယ်။
“စစ်ကောင်စီတပ်တွေက ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်လမ်းကို ပြန်ရချင်တဲ့ သဘောရှိတယ်။ နေရာစုံကနေ ညှပ်ပြီး စစ်ကြောင်းထိုးလာတယ်။ ဖယ်ခုံဘက်နေလည်း စစ်ကြောင်းထိုးလာတယ်။ မိုးဗြဲမြို့ပေါ်မှာလည်း မီးလောင် ဒရုန်း ဗုံးတွေ ခဏခဏကျလို့ မြို့ပေါ်မှာ လူတစ်ယောက်မှ မရှိတော့ဘူး။ အကုန်ပြန်ပြေးကြရပြီ။ မနေရဲတော့ဘူးလေနော်”
တိုက်ပွဲတွေ မြို့နား နီးလာတာကြောင့် မြို့ပေါ် ၁၁ ရပ်ကွက်က နေရပ်ပြန်လာတဲ့ မြို့ခံတစ်ထောင်ကျော်လည်း ဘေးလွတ်ရာကို ထပ်မံထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မိုးဗြဲမြို့ဘက်ကို လွိုင်ကော်မြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ နှစ်ရက်ရှိပြီ လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုက မိုးဗြဲဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ လွိုင်ကော်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတာ နှစ်ရက်ရှိပြီ။ နာရီပိုင်းပဲ ခြားခြားပြီးပစ်နေတာ။ မြို့ပေါ်မှာလည်း လူတွေက စိုးရိမ်နေကြရတာပေါ့”
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည် နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်တို့ကို RFAက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၂၀၂၃ ခုနစ် နိုဝင်ဘာမှာ စတင်တဲ့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း မိုးဗြဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက လက်လွှတ်ထားရတဲ့ နေရာတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကြောင်းတွေ ပြန်ထိုးနေတာကြောင့် တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။