လက်နက်ကြီးထိလို့ မိုးကုတ်ဒေသခံ နှစ်ဦးသေဆုံး
2024.01.19
မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ “(၅) မိုင်တပ်စခန်း”ကနေ ပိန်းပြစ်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားနှစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁၉ ရက်နေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။
ပိန်းပြစ်ရွာနဲ့ ရှစ်မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးနဲ့ ဆယ်ကြိမ်ပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သလို နောက်ထပ် နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က ဖုန်း၊ အင်တာနက်စတာတွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ပြီး စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
ပေါက်တောမြို့နဲ့ အနီးဝန်းကျင်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူအပြင် လေကြောင်းနဲ့ ရေကြောင်းကနေပါ ပစ်ခတ်နေတယ်လို့ ရေးသားထားပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း မင်းပြားမြို့ပေါ် ရပ်ကွက်တွေကို စစ်ကောင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြောက်ပိုင်းသုံးဖွဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့အကြား ယာယီအပစ်အခတ်ရပ်စဲရေး ဟိုင်ဂင် သဘောတူညီချက်ဟာ ဇန်နဝါရီလ ၁၈ ရက်နေ့က တစ်ပတ်ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် စစ်ကောင်စီဘက်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဟိုင်ဂင် သဘောတူညီချက်ကြောင့် စစ်ရေးအရှိန် အနည်းငယ်ရပ်တန့်နေပေမဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ပြည်သူတွေလိုလားတဲ့ ဘုံရည်မှန်းချက်အတွက် ဆက်လက်ရွေ့လျားနေတယ်လို့ ဆိုထားပါတယ်။