ကျိုက်မရောမြို့မှာ စစ်ကောင်စီတပ်ဘက်က ၂၃ ဦး လက်နက်ချ

RFA Burmese
2023.11.14
ကျိုက်မရောမြို့မှာ စစ်ကောင်စီတပ်ဘက်က ၂၃ ဦး လက်နက်ချ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာတွင် လက်နက်ချ အညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သား ၂၃ ဦးအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။
အမျိုးသားညီညွတ်ရေးအစိုးရ

နိုဝင်ဘာ ၁၀ ရက်နေ့ကတည်းက တိုက်ပွဲစဖြစ်နေတဲ့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရွာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦး နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အင်အားငါးဆယ်ခန့်ပါ တပ်မ (၂၂) လက်အောက်ခံစစ်ကြောင်းက တပ်ဖွဲ့ဝင် ၂၃ ဦး နိုဝင်ဘာ ၁၃ ရက်နေ့မှာ လက်နက်ချအညံ့ခံခဲ့တာလို့ မနေ့က ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနဲ့ အရာရှိတစ်ဦး အပါအဝင် ၁၄ ဦးသေဆုံးပြီး ငါးဦး အရှင်ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေ ချောင်းနှစ်ခွ ရဲစခန်းကို ဝင်ရောက်မီးရှို့ခဲသလို နိုဝင်ဘာ ၁၃ ရက်နေ့မှာတော့ ကရင်နဲ့ မွန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အတ္တရံတံတား (ချောင်းနှစ်ခွ) ကိုပါ သိမ်းပိုက်လိုက်တယ်လို့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူ ဒေသခံတစ်ဦးကတော့ နိုဝင်ဘာလ ၁၀ ရက် နှစ်ဖက်တိုက်ပွဲပြင်းထန်ချိန်က ဒေသခံတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“ကာကွယ်ရေး တပ်ဖွဲ့တွေက လမ်းကြောင်းဖွင့်ပေးလိုက်လို့ ဝင်လာတဲ့ အချိန်မှာ ပိတ်ဆို့ပြီး တိုက်တာပေါ့။ အဲဒီမှာ လက်နက်ချလိုက်တာ။ ကျွန်တော်တို့ ပိတ်မိနေတဲ့ စဖြစ်တဲ့နေ့က ဒေသခံ တစ်ယောက်ထိတယ်။ လက်နက်ကြီးစမှန်ပြီး ပေါင်ကိုထိတယ်၊ ပေါင်ရိုးကျိုးတယ်”

တိုက်ပွဲအတွင်း ဒေသခံအချို့ ပိတ်မိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ ချောင်းနှစ်ခွရဲစခန်းကို စစ်ကောင်စီတပ်သားတွေ နေရာပြန်ယူထား တာကြောင့် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတဲ့ အရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာ ဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။