၂၀၂၄ ခုနှစ်မှာ စစ်ရေးအရှိန်မြှင့်မယ်လို့ မွန်ပြည်နယ်က တော်လှန်ရေးအဖွဲ့တွေပြော

၂၀၂၃ ခုနှစ်အတွင်းမှာ မွန်ပြည်နယ် တော်လှန်ရေးအင်အားစုတွေစုဖွဲ့ပြီး ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သလို ၂၀၂၄ ခုနှစ်မှာလည်း စစ်ရေးအရှိန်ပိုမြှင့်မယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ နှစ်သစ်အကြို စစ်ဆင်ရေးအဖြစ် ရေးမြို့နယ်အခြေစိုက် စကခ (၁၉) လက်အောက်ခံ တပ်တွေ ဖြစ်တဲ့ ခမရ (၅၉၁) နဲ့ ခမရ (၅၈၃) တပ်နှစ်ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF)၊ ABSDF တပ်ရင်း (၁) နဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO)၊ Ye Air Force (YAF) စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေအပြင် ဒရုန်း (Drone) နဲ့ပါ ထိုးစစ်ဆင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီစစ်ဆင်ရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဘက်က သုံးဦး သေဆုံးပြီး ဒဏ်ရာရရှိတဲ့ အခြေအနေကိုတော့ မသိရသေးဘဲ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် ဒရုန်းနှစ်စင်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ရေးပြောက်ကျားတပ် (YGF) က ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်အခြေစိုက် စကခ (၁၉) လက်အောက်ခံတပ်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဒီဇင်ဘာ ၁၁ ရက်ကလည်း မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ဒုတိယ ပြည်ထောင်စုဝန်ကြီး နိုင်ကောင်းရွက်တို့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ စစ်ဆင်ရေးလိုအပ်ချက် (ဗျူဟာမြောက်လက်နက်) တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆွေးနွေးခဲ့သလို အဲဒီအပေါ် (NUG) ကလည်း စဉ်းစားပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ့်အကြောင်း ပြောသွားတယ်လို့ မွန်ပြည် တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက RFA နဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။