မုန်းမြို့မှာ တောင်ကျရေကြောင့် ကလေးတစ်ဦး သေဆုံးပြီး နေအိမ်တချို့ ပျက်စီး
2024.07.29
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းမှုနဲ့အတူ တောင်ကျရေကြောင့် ချောင်းကမ်းပါးတွေ ပြိုကျလို့ ကလေးတစ်ဦး သေဆုံးပြီး နေအိမ်တချို့လည်း ရောထဲမျောပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့မှာ အသက် ၄ နှစ်အရွယ် စစ်ဘေးဒုက္ခသည်ကလေးတစ်ဦး ရေစီးနဲ့ မျောပါသေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အသက်က ၄ နှစ်လောက်ရှိပြီ။ မုန်းအရှေ့ဘက်ခြမ်း မြောင်းဦးက။ သူတို့က စစ်ဘေးရှောင်ရင်း တောထဲမှာ နေကြတာ။ ရေနဲ့မျောပါသွားတာ။ ကလေးရဲ့ အလောင်းကို ကျောင်းစုရွာဘက်မှာ ပြန်တွေ့တယ်။ လက်ရှိ ရေကြီးတာက မကျနိုင်သေးဘူး။ နိုင်ငံရေးက မကောင်းရတဲ့အထဲ ရေကပါ ကြီးလာတော့ ဒုက္ခတွေကို ဘယ်လို ပြောပြရမှန်း မသိတော့ဘူး။ စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း ပြတ်နေပြီ”
ဇူလိုင်လ ၂၄ ရက်နေ့ကစလို့ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် မုန်းမြို့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကောင်းစုနဲ့ ကော့ပြင်းရွာက နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“တောင်ကျရေတွေများပြီး တောင်ခြေကရွာတွေရော၊ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေမှာ ရေတွေက တအားကြီးတော့ ကမ်းနားမှာရှိတဲ့ရွာတွေ တဲထိုးထားတဲ့ အိမ်တွေ ပြိုတာတွေ ရှိတယ်။ မိုးကလည်း တစ်နေကုန် ရွာတော့ ည တစ်နာရီလောက်မှာ တောင်ကျရေကလည်း တအားများတဲ့အတွက် ရေက ခါးလောက် တက်လာတယ်။ စစ်တောင်းမြစ်ရေလည်း လျှံတက်တယ်။ ကမ်းနားကနေ ကျော်ပြီးတော့ စစ်တောင်းမြစ်ကမ်းရှိတဲ့ ရွာတွေလည်း မြုပ်တယ်”
စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့်လည်း မုန်းမြို့အနီးတစ်၀ိုက်က ရွာတွေမှာ ရေဝင်နစ်မြုပ်နေပြီး ဒေသခံတချို့ ရေလွတ်ရာ ကုန်းမြင့်တွေကို ရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့ကလည်း ကရင်ပြည်နယ် မြ၀တီမြို့မှာ သောင်ရင်းမြစ်ရေ ကြီးရေလျှံမှုကြောင့် ကလေးတစ်ဦး အပါအဝင် မြို့ခံ သုံးဦး သေဆုံးခဲ့ပါတယ်။
ဇူလိုင်လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်း ရေကြီးနေတာကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးဒုက္ခကြုံနေရပြီး သီးနှံစိုက်ခင်းတွေ ရေမြုပ်တာ၊ နေအိမ်တွေ ရေထဲမျောပါ ပျက်စီးတာနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ပါတယ်။