မုံရွာမြို့ သက္ကယ်ကျင်းရွာ မီးရှို့ခံရမှု လူ သုံးဦးသေဆုံးပြီး ဒေသခံငါးဆယ်ခန့် ဖမ်းဆီးခံထားရ
2024.03.14
စစ်ကိုင်းတိုင်း မုံရွာမြို့အနီးမှာရှိတဲ့ သက္ကယ်ကျင်းရွာက နေအိမ်လေးရာခန့် မီးရှို့ခံရမှုမှာ မီးလောင်ပြင်အတွင်း ရုပ်အလောင်းသုံးခု တွေ့ထားပြီး ရွာခံငါးဆယ်ခန့်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက မတ်လ ၁၅ ရက် ဒီနေ့မှာပြောပါတယ်။
မတ်လ ၁၄ ရက် မနေ့က နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားခြောက်ဆယ်ကျော်က နှစ်ဖွဲ့ခွဲပြီး ဝင်ရောက်လာကာ နေအိမ်တွေကို မီးရှို့ခဲ့တာဖြစ်ပြီး ရွာထဲမှာသေဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိထားတာလို့ဆိုပါတယ်။
အဲဒီနေ့ ညနေပိုင်းမှာတော့ ဒေသခံပြည်သူ ငါးဆယ်ခန့်ကို ကြိုးတွေနဲ့တုပ်ပြီး သက္ကယ်ကျင်းရွာကနေ ရွာထောင်ရွာမှာရှိတဲ့ စစ်တပ်ဂိတ်ဆီ ခေါ်သွားခံရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး။ ဘယ်သူမှလည်း ဘာမှပြန်မလုပ်ဘဲနဲ့ ဒါတစ်ခါတည်းဝင်လာပြီးတော့ကို ပြည်သူတွေလည်း ဖမ်းပြီးတော့ တစ်ခါတည်းရှို့တော့တာပဲ။ ဖမ်းသွားသူတွေကို အခုလောလောဆယ်ထိတော့ ပြန်မလွှတ်သေးဘူးဗျ။ သက္ကယ်ကျင်းကနေ လယ်ဇင်ကို ဖြတ်ပြီးတော့ ရွာထောင်မှာတပ်စွဲထားတဲ့ ဂိတ်ထဲကို ခြေကျင်ခေါ်သွားတာဗျ။ ကြိုးတွေနဲ့ တုပ်ဖမ်းသွားတာကိုက ငါးဆယ်လောက်ရှိတယ်လို့ကြားတယ်”
မနေ့က ညပိုင်း ၇ နာရီကျော်မှာ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မီးဝင်ငြှိမ်းနိုင်ခဲ့ပြီး အိမ်ခြေ ရှစ်ရာကျော်ရှိတဲ့အထဲက လေးရာဝန်းကျင် မီးလောင်ပျက်စီးနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ သက္ကယ်ကျင်းရွာရဲ့ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာမှာ PDF တွေနေထိုင်တဲ့ စခန်းတဲနှစ်ခုကို တာဝန်ရှိသူတွေက ဝင်ရောက်ရှင်းလင်း ခဲ့တာရှိပြီး သက္ကယ်ကျင်းရွာကို မီးရှို့တာမျိုးတော့ မရှိဘူးလို့ RFA ကို ပြောပါတယ်။
“သက္ကယ်ကျင်းကျေးရွာရဲ့ အရှေ့ဘက် နှစ်ဖာလုံခန့်အကွာမှာ PDF အုပ်စုဝင်အဖွဲ့တွေနေနေနတဲ့ စခန်းတဲ နှစ်လုံးကို တာဝန်ရှိသူတွေဝင်ရှင်းတဲ့အခါမှာ PDF တွေက အရပ်မျက်နှာအသီးသီးကို ထွက်ပြေးသွားပြီးတော့ ပစ္စည်းတချို့ ကိုတော့ သိမ်းဆည်းရမိတယ်ပေါ့နော်။ အဲဒါတော့ သိတယ်ဗျ။ ကျန်တာတော့ မသိရသေးဘူး။ အလကားနေတော့ မီးတော့ မရှို့ပါဘူးဗျ”
မုံရွာမြို့၊ အင်းဝဘဏ် ဓားပြတိုက်ခံရတာနဲ့ ဆက်စပ်စုံစမ်းရာကနေ သက္ကယ်ကျင်းရွာနားက PDF တွေနေတဲ့စခန်းကို သိရှိခဲ့တာလို့လည်း သူက ဆိုပါတယ်။
မီးလောင်ပျက်စီးမှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ နိုင်ငံတစ်ဝန်းမှာ နေအိမ် ရှစ်သောင်းနီးပါး (၇၈,၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။