မုံရွာမှာ သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ
2024.10.09
စစ်ကိုင်းတိုင်း မုံရွာမြို့ ညောင်ပင်စောက် ရပ်ကွက်အနီးမှာ အောက်တိုဘာ ၈ ရက်နေ့က လုံခြုံရေးအပြည့်နဲ့ လာရောက်တဲ့ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ မုံရွာမြို့ခံတွေနဲ့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မနက် ဆယ်နာရီခန့်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာ ပေါင်းစုံက အင်အားကိုးဆယ်ခန့်ပါတဲ့ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်း Idiots Column ရဲ့ စစ်ကြောင်းတာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်သားပါတယ်။ ရဲပါတယ်။ ကညန ဝန်ထမ်းတွေ၊ ကျောင်းဆရာမတွေ ပါတယ်။ မှန်လုံကား နှစ်စီးရယ်၊ အိမ်စီးကား သုံးစီးရယ်နဲ့ လာတယ်။ လုံခြုံရေးအပြည့် ယူထားတယ်ဗျ။ ကားရပ်ပြီး သန်းခေါင်စာရင်း ကောက်ဖို့လုပ်တဲ့အချိန် မိုင်းဆွဲလိုက်တာ။ ရဲနှစ်ယောက်က အဲဒီနေရာမှာတင် သေတယ်။ လေးယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရသွားတယ်။ အဲဒီနေ့ကတော့ ဆက်မကောက်တော့ဘဲ ပြန်သွားတယ်”
မိုင်းဆွဲတိုက်ခိုက်အချိန် သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့မှာ လုံခြုံရေးပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်မှုတွေရှိပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က မေးမြန်းတဲ့အခါ သူ့အနေနဲ့ ဒီကိစ္စကို မသိရှိသေးကြောင်း ပြောဆိုပါတယ်။
မုံရွာမြို့မှာ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ ၃၁ ဖွဲ့က အင်အား ၁၇၅ ဦးနဲ့ အောက်တိုဘာ ၁ ရက်နေ့ကစလို့ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ကသာမြို့မှာ သန်းခေါင်စာရင်း ကောက်ယူနေသူတွေအတွက် မြို့ပြင်ကနေ လုံခြုံရေး ယူပေးနေတဲ့ ခမရ - ၃၀၉ တပ်ရင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ကသာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။