မုံရွာမှာ အရပ်သားငါးဆယ်နီးပါး စစ်တပ်က ဖမ်းခေါ်သွားစဉ် မိုင်းထိပြီး လေးဦးဒဏ်ရာရ

RFA Burmese
2025.01.08
မုံရွာမှာ အရပ်သားငါးဆယ်နီးပါး စစ်တပ်က ဖမ်းခေါ်သွားစဉ် မိုင်းထိပြီး လေးဦးဒဏ်ရာရ စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်ကို တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွာ-အရာတော် ကားလမ်းတစ်လျှောက်က ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် အရပ်သားငါးဆယ်ခန့် စစ်ကြောင်းနဲ့အတူ ဖမ်းခေါ်ခံရစဉ် လမ်းခုလတ်မှာ မိုင်းပေါက်ကွဲ တာကြောင့် ဖမ်းဆီးခံရသူတွေထဲက အရပ်လေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အားတစ်ရာခန့်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့ အရာတော်မြို့နယ် သပွတ်ကုန်းရွာအနီးကိုရောက်ချိန် ကာကွယ်ရေးအဖွဲ့တွေ ထောင်ထားတဲ့ မိုင်းထိမှန်တာကြောင့် အရပ်သားတွေပါ ဒဏ်ရာရခဲ့တာလို့ မုံရွာခရိုင် တိုက်နယ် (၂) ပကဖ တာဝန်ခံက RFA ကို ပြောပါတယ်။

“လမ်းတစ်လျှောက် ဖမ်းသွားတဲ့ ဓားစာခံက ငါးဆယ်လောက်ပါတယ်။ စကစ စစ်ကြောင်း ဒီထက်က ထောင်ထားတဲ့ တိုက်မိုင်းထိလို့ ဓားစာခံတွေ ဒဏ်ရာရတယ်။ မနေ့က အဲဒီဓားစာခံ လေးယောက် ပြန်လွှတ်ပေးတယ်။ စည်သာလေးက နှစ်ယောက်နဲ့ ကျောက္ကာ (မြောက်) ရွာက နှစ်ယောက်။ တစ်ယောက်က မျက်လုံးထိထားတာ။ ဖွင့်တော့ မကြည့်နိုင်ဘူးပေါ့ဗျာ။ ချက်ချင်း မန္တလေးကို ပို့ရတယ်။ ကျန်တဲ့ သုံးယောက်က တော့ ဒဏ်ရာ အပြင်းအထန်ကြီး မဟုတ်ဘူး”

စစ်ကောင်စီတပ်သားတချို့လည်း ထိခိုက်တာရှိပေမဲ့ အသေးစိတ်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကြောင်းဝင်လာချိန် စစ်ကောင်စီတပ်က ရွာတုံ(တောင်)၊ ရွာတုံ(မြောက်)၊ ထနောင်းဝင်း၊ ရေကန်စု၊ ကျောက္ကာ(တောင်)၊ ကျောက္ကာ(မြောက်)၊ စည်သာလေးရွာတွေက အရပ်သားတွေနဲ့ လမ်းသွားလမ်းလာ ခရီးသည်တချို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေအထဲမှာ အသက် ၁၄ နှစ်အရွယ် အရွယ်ကနေ ၆၀ အရွယ်အထိ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်ကြောင်းက အရာတော်မြို့နယ်ထဲကို ရောက်ရှိနေပြီး စစ်ကြောင်းနဲ့အတူ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း လူငယ်တွေလည်း ပါဝင်တယ်လို့ ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကြောင်းထိုး ဖမ်းဆီးတာတွေကြောင့် မုံရွာ-အရာတော် ကားလမ်းမတစ်လျှောက်ရွာတွေက ဒေသခံ နှစ်သောင်းနီးပါး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကံမရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံ ငါးဆယ်ခန့် မုံရွာမြို့ကို ဖမ်းဆီးခေါ်ဆောင်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။