မုံရွာ ထန်းလေးပင်ရွာ စီးနင်းခံရပြီးနောက် သေဆုံးသူ ၁၄ ဦးထိရှိလာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းလေးပင်ရွာအနီးမှာ နိုဝင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က ရွာကို စီးနင်းခဲ့ပြီးနောက် ဒီနေ့အထိ သေဆုံးသူ အရပ်သား ရှစ်ဦးနဲ့ PDF တပ်ဖွဲ့ဝင် ခြောက်ဦး၊ စုစုပေါင်း ၁၄ ဦးအထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ကျေးရွာထဲမှာပဲတွေ့ရှိရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာ ခရိုင် PDF တပ်ရင်း (၅) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက RFA ကို ဒီနေ့ ပြောပါတယ်။
“ဒေသခံ PDF တွေဘက်က ခြောက်ဦးကျတယ်။ ခြောက်ဦးကျတဲ့ အထဲက တစ်ဦးက တော့ အလောင်းပြန်မရဘူး။ နောက် ငါးဦးမှာ လေးဦးက ခေါင်းဖြတ်ခံထားရတယ်။ တစ်ဦးဆိုရင် ဆိုးဆိုးဝါးဝါးပေါ့။ PDF အလောင်းတွေက လက်တွေ ခုတ်ဖြတ်ထားတာ ရှိတယ်။ ပြည်သူအလောင်း တွေ့ထားတာက ရှစ်ဦး ရှိတယ်။ ဓာတ်ပုံ မှတ်တမ်းတချို့ လည်း ယူထားတယ်။ ပြည်သူတွေထဲ မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေပါတယ်”
စစ်ကောင်စီတပ်စစ်ကြောင်းဟာ ထန်းလေးပင်ကျေးရွာမှာ နိုဝင်ဘာလ ၆ ရက်နေ့ကစလို့ နှစ်ရက်ကြာ စခန်းချနေခဲ့ကြပြီး နိုဝင်ဘာလ ၇ ရက်နေ့ညနေမှာ ပြန်လည်ထွက်ခွာသွား ခဲ့ပြီးနောက် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ကြတာလို့ သူက ပြောပါ တယ်။
စစ်ကောင်စီတပ်က ရွာအနီးဝန်းကျင်မှာရှိနေသေးတာကြောင့် သေဆုံးတဲ့အရပ်သားရှစ်ဦး ထဲက သုံးဦးရဲ့ အမည်ကိုသာ အတည်ပြုနိုင်သေးတယ်လို့ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ မုံရွာ - အမြင့်လမ်းပိုင်းအဖွဲ့ရဲ့ အမည်မဖော်လိုတဲ့ သတင်းပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“ကိုထွေးဇော်ဦး အသက် ၃၇ နှစ်၊ သေတာက မေးရိုးအောက် သေနတ်ဒဏ်ရာထိတယ်။ ကိုကျော်မျိုးဝင်း အသက် ၄၀၊ လက်ဖျံမှာ သေနတ်ဒဏ်ရာ ရှိတယ်။ ရိုက်သတ်ခံရပြီး သေဆုံးသွားတယ်။ ကိုစိန်လှိုင် အသက် ၄၅ နှစ်၊ ခေါင်းဖြတ် အသတ်ခံရတယ်။ အခုက ဒီလောက်ပဲ အတည်ပြုလို့ ရသေးတယ်”
နိုဝင်ဘာလ ၆ ရက်နေ့က အင်အား ၅၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး လို့ လူသိများကြတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့အကြား ထန်းလေးပင်ရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြတာပါ။ အဲဒီနောက် ထန်းလေးပင်ရွာပါ စီးနင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး သတ်ဖြတ်ခံရတဲ့ အရပ်သားတွေက တော့ အဲဒီအချိန်က ရွာထဲမှာ ထွက်မပြေးနိုင်ဘဲ ပိတ်မိပြီးကျန်နေခဲ့သူတွေဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ရာမှာလည်း အကြောင်းမပြန်ပါဘူး။
စစ်တပ်ကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန် လူမှုကွန်ရက်တွေမှာတော့ ထန်းလေးပင်ရွာဖြစ်စဉ်အတွင်း သေဆုံးသူ ရှစ်ဦးဟာ PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်ဆိုပြီး စွပ်စွဲရေးသားခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ဘက်ခြမ်းမှာရှိတဲ့ ထန်းလေးပင်ကျေးရွာအပါအဝင် နဂါး တွင်း၊ နတ်စင်စု၊ ဂျိုးစု၊ သဲတိုက်၊ ချမ်းသာကျွန်း၊ ထိန်ပင်စု၊ နတ်ကြီးကျွန်း၊ ရန်နိုင်ကျွန်း၊ ဆူးလေကုန်း စတဲ့ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂ ရက်နေ့ကစလို့ နယ်မြေရှင်းလင်းနေတာကြောင့် ဒေသခံ သုံးထောင်ကျော် ဘေးလွတ်ရာကို ကြောက်လန့် ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။