ထားဝယ် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ထပ်တိုးနှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဉ်းထောင်မှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် အကျဉ်း ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို အောက်တိုဘာ ၅ ရက် မနေ့က နောက်ထပ် နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံ လိုက်ရတယ်လို့ ထားဝယ်မြို့ခံတွေက RFA ကိုပြောပါတယ်။

ဒီအမှုတွေအတွက် ရှေ့နေငှားခွင့်မရဘဲ အမိန့်ချခံရတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသား တွေနဲ့ နီးစပ်သူတစ်ဦး က RFA ကို အောက်တိုဘာ ၆ ရက် ဒီနေ့မှာပြောပါတယ်။

“မနေ့ကထပ်တိုး ပြစ်ဒဏ်ချလိုက်တာ။ စစ်ကောင်စီတပ်ဖွဲ့ဘက်က စွဲချင်တဲ့ ပုဒ်မတွေနဲ့ တရားစွဲထားတာပေါ့။ နိုင်ငံရေးအကျဉ်းသားတွေက ရှေ့နေခေါ်ခွင့် မရဘူး၊ တရားရုံးမှာလည်း ခုခံချေပခွင့်မရဘူး။ အကယ်၍ ရှေ့နေခေါ်မယ်ဆိုရင်တောင် အဲဒီရှေ့နေကို ခြိမ်းခြောက်တာတွေလည်း ရှိတော့ ရှေ့နေတွေက နိုင်ငံရေးအမှုဆိုရင် မလိုက်ကြတော့ဘူး။ ”

ထပ်တိုးနှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရသူ ၁၀ ဦးထဲက ကိုထွန်းဦး၊ ကိုရာဇာထွန်း၊ ကိုမင်းဆက်မှူးနဲ့ ကိုမြတ်ကျော်သူတို့ လေးဦးကတော့ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရတာဖြစ်ပြီး ကိုစိုးမင်းသူ၊ ကိုလင်းထက်ကိုကို၊ ကိုဆောင်းယုထွန်း၊ ကိုသက်ပိုင်ဦး၊ ကိုအောင်ဇော်လတ်နဲ့ ကိုအောင်အောင်တို့ ခြောက်ဦး ကတော့ ထောင်ဒဏ် ၁၀ နှစ်စီ ထပ်ချခံရတာလို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်ထားပါတယ်။

အခုအမိန့်ချမှတ်ခံထားရသူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အရင်ကတည်းက ပြစ်ဒဏ်ချမှတ်ခံထားရ သူတွေဖြစ်ပြီး အခုထပ်တိုးပြစ်ဒဏ်တွေနဲ့ဆိုရင် အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ်ကနေ အများဆုံးထောင်ဒဏ် ၄၆ နှစ်အထိ ကျခံရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။