ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲပေါင်း ၅၀ ကျော်ဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ နှစ်ပတ်အတွင်း တိုက်ပွဲ ၅၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU တပ်မဟာ ၅ က ဩဂုတ်လ ၁၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဩဂုတ်လ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နဲ့ KNLA တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ၅၃ ကြိမ်မှာ စစ်ကောင်စီဘက်က ၄၃ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ပတ်တာအတွင်းမှာ KNLA ဘက်က တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF တပ်ဖွဲ့တွေက ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေကို လက် နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်လည်း အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ ၅ က ပြောပါတယ်။

အခုထုတ်ပြန်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင် ခြင်း မရှိသေးပါဘူး။

KNU ရဲ့ မှတ်တမ်းတွေအရ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်က တိုက်ပွဲအများဆုံးနဲ့ အပြင်းထန်ဆုံး နယ်မြေဖြစ်သလို ဇူလိုင်လ တစ်လတည်းမှာတင် တိုက်ပွဲပေါင်း ၁၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ဘေးဒုက္ခသည်ဦးရေ ၃၅၆,၆၇၄ ဦးထိရှိပြီး အဲဒီအထဲကမှ ဖာပွန်ခရိုင်မှာတော့ စစ်ဘေးဒုက္ခသည် ၉၆,၁၈၀ ဦးရှိနေတယ်လို့ ဩဂုတ်လ ၁၆ ရက်နေ့မှာ KNU က ထုတ်ပြန်ထားပါတယ်။