မုံရွာ ရေကန်စုရွာစီးနင်းခံရပြီး ကလေးတစ်ဦးအပါအဝင် ခြောက်ဦးအသတ်ခံရ

RFA Burmese
2023.06.08
မုံရွာ ရေကန်စုရွာစီးနင်းခံရပြီး ကလေးတစ်ဦးအပါအဝင် ခြောက်ဦးအသတ်ခံရ မုံရွာမြို့ ရေကန်စုရွာအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် သတ်ဖြတ်မီးရှို့ခံရသည့် ရုပ်အလောင်းကို ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ရေကန်စုရွာကို စစ်ကောင်စီတပ်က ဇွန်လ ၇ ရက် မနေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး အသက်မပြည့်သေးတဲ့ ကလေးတစ်ဦး အပါအဝင် PDF တပ်ဖွဲ့ဝင် လေးဦးနဲ့ အရပ်သား နှစ်ဦး၊ စုစုပေါင်း ခြောက်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အသတ်ခံရတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးဟာ အသက် ၁၇ နှစ်ကနေ ၂၀ ကျော် အရွယ်တွေဖြစ်ပြီး မိန်းကလေး နှစ်ဦး ပါဝင်တယ်လို့ မုံရွာခရိုင် ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂၇) ရဲ့ ယာယီတပ်ရင်းမှူး ကိုစိုးကြီးက ပြောပါတယ်။

သူတို့တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်အသေးလေး၊ အသက် ၁၈ နှစ်အရွယ် မဇင်ဇင်စိုး၊ အသက် ၂၀ အရွယ် မခင်ရတနာဦး၊ အသက် ၂၄ နှစ်အရွယ် ကိုဘီအီးတို့ကို စစ်ကောင်စီတပ်က အရှင်ဖမ်းဆီး၊ ပစ်သတ်ပြီးမှ ရုပ်အလောင်းတွေကို မီးရှို့သွားတယ်လို့ ပြောပါတယ်။

အင်အား ၈၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မနေ့က မနက်စောစော ၅ နာရီလောက်မှာ ရေကန်စုရွာကို ရုတ်တရက်ရောက်လာပြီး စာသင်ကျောင်းအနီးမှာရှိတဲ့ သူတို့ရဲ့ စခန်းကို အလစ်အငိုက် ဝင်စီးခဲ့တာလို့ မုံရွာခရိုင် ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂၇) ရဲ့ ယာယီတပ်ရင်းမှူး ကိုစိုးကြီးက ပြောပါတယ်။

“ဝင်စီးခံရတဲ့အချိန်က မနက်ခင်း ပီတီပြေးမလို့ ကင်းရုပ်တဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ ဝင်စီးခံရတာ။ တပ်ဖွဲ့ဝင် လေးယောက်ပေါ့၊ သူတို့ကို ဖမ်းဆီးပြီးတော့ တစ်ခါတည်း အဲနားလေးတင် ပစ်သတ်သွားတာ။ သတ်ပြီးတော့ မီးရှို့သွားတယ်။ ရပ်ရွာက နှစ်ယောက်ကိုလည်း သတ်သွားတယ်ပေါ့လေ။ စခန်းကတော့ ရွာရဲ့ စာသင်ကျောင်း နားမှာရှိတာပါ။ ကျောင်းထဲမှာ မဟုတ်ဘူး”

ဝင်စီးခံရချိန် သူတို့တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် လူအင်အားနဲ့ လက်နက်အင်အား မမျှတာကြောင့် နေရာကနေ ချက်ချင်းဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

စီးနင်းခံရမှုကြောင့် တပ်ဖွဲ့ဝင် လေးဦး သေဆုံးတဲ့အပြင် လက်လုပ်သေနတ်နဲ့ ကျည်ဆန်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေ၊ ယူနီဖောင်းတွေနဲ့အတူ ဆိုင်ကယ်ကိုးစီးပါ ဆုံးရှုံးခဲ့တယ်လို့ သူက ပြောပါတယ်။

စခန်းကို ဝင်စီးနေချိန် ကြောက်လန့်ထွက်ပြေးတဲ့ အသက် ၅၀ နဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားနှစ်ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ အမည်ကို အတိအကျ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က ဒီနေ့ ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မုံရွာမြို့၊ ရေကန်စုရွာ၊ စာသင်ကျောင်းမှာ ခိုအောင်းနေတဲ့ PDF အမျိုးသား သုံးဦး၊ အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း ငါးဦးရဲ့ ရုပ်အလောင်းတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ စစ်တပ်က သိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီတပ်က ရေကန်စုရွာ အပါအဝင် အနီးအနားက ရွာငါးရွာ လောက်ကို ဆက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် ထောင်နဲ့ချီတဲ့ ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကန်စုရွာတစ်ရွာတည်းကနေ ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်ထောင်ခန့်ရှိပြီး ရွာငါးရွာကနေ စုစုပေါင်း ဘယ်လောက်တိမ်းရှောင်နေရသလဲဆိုတာကို စာရင်းပြုစုနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ မေလ ၆ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ခုနစ်သိန်းခွဲ နီးပါးရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။