ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ၂ ဦးအမှုကို ရုံးတင်စစ်ဆေးမယ်ဆိုရင် လိုအပ်တဲ့ Expert Witness ကျွမ်းကျင်သူ အသိသက်သေအနေနဲ့ သတင်းမီဒီယာကောင်စီက ဆောင်ရွက်လိုကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ရိုက်တာသတင်းထောက် နှစ်ဦး ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ရပ်တည်ချက် ကို ဒီနေ့ ရန်ကုန်မြို့Orchid ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ သတင်းထောက်နှစ်ဦးကိစ္စကို သတင်းမီဒီယာဥပဒေအရ ဖြေရှင်းခွင့်ရရင် ဖြေရှင်းပေး လိုကြောင်း၊ အဲဒီသတင်းထောက် နှစ်ဦးအတွက် တရားမျှတတဲ့ ဆုံးဖြတ်ချက်တွေဖြစ်ဖို့အတွက် Legal assistance ဥပဒေရေးရာ အထောက်အကူ လိုအပ်မယ်ဆိုရင် သတင်းမီဒီယာကောင်စီအား လုပ်ဆောင်ခွင့်ပေးစေ လိုကြောင်းလည်း ပါရှိပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအကြားမှာ နိုင်ငံတော်ရဲ့ ပုံရိပ်ကျဆင်းနေပြီး၊ အချုပ်အခြာအာဏာ ခြိမ်းခြောက် ခံနေရချိန်မှာ ကောင်စီကအကြံပြုထားတဲ့ နည်းလမ်းတွေဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဟာ အာဏာမရှိတဲ့အတွက် အကြံဉာဏ်ပဲပေးလို့ရကြောင်း ကောင်စီရဲ့ ဒုတိယဥက္ကဌ(၁) ဦးအောင်လှထွန်းက ပြောပါတယ်။
ဒီကနေ့သတင်းစာရှင်းလင်းပွဲကို သတင်းမီဒီယာသမားအများစုက အနက်ရောင်အင်္ကျ ီတွေဝတ်ဆင်ပြီး သတင်းတက်ရောက်ယူခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ အနက်ရောင်အင်္ကျ ီတွေဝတ်ဆင်ထားတဲ့ သတင်းသမားတွေက ကင်မရာတွေ၊ စာအုပ်ဘောပင်တွေကို လမ်းမပေါ်ချပြီး သတင်းထောက် နှစ်ဦး ဖမ်းဆီးခံရမှုကို ကန့်ကွက်တဲ့ လှုပ်ရှားမှုပြုလုပ် ခဲ့ကြပါတယ်။
