NLD ကိုယ်စားလှယ် စီမံအုပ်ချုပ် သင်တန်း ပြီးဆုံး


2016.02.02
mp-management-training-620.jpg NLD အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းပေးခဲ့ရာမှာ ဒီကနေ့ပြီးဆုံးသွားပါတယ်။

ဒီကနေ့ နေပြည်တော်က သင်တန်းဆင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက သူရဦးတင်ဦး၊ ဦးဝင်းထိန်၊ သူရဦးရွှေမန်းတို့ တက်ရောက်ခဲ့ပါတယ်။

သင်တန်းမှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုဆိုင်ရာတွေကို ပြည်သူ့လွှတ်တော် သင်တန်းခန်းမမှာ တစ်ပတ်ကြာပြုလုပ်ခဲ့ တာဖြစ်ပြီး NLD တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်တွေ ၃ ဦးကနေ ၅ ဦးအထိ တက်ရောက်ခဲ့ ပါတယ်။

သင်တန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အငြိမ်းစားအရာရှိကြီးတွေ၊ စီမံခန့်ခွဲမှုပညာရှင်တွေ၊ ရှေ့နေ ဦးကိုနီအပါအဝင် ဥပဒေပညာရှင်တွေက သင်ကြားခဲ့တာဖြစ်ပါတယ်။

သင်တန်းမှာ ထင်ရှားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်က ဒေါ်နန်းခင်ထွေးမြင့်၊ ဧရာဝတီတိုင်းက ဦးမန်းဂျော်နီ၊ ရန်ကုန်တိုင်းက ဦးဖြိုးမင်းသိန်း၊ ဦးနိုင်ငံလင်း၊ ဒေါ်စန္ဒာမင်း၊ စစ်ကိုင်းတိုင်း က ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ်က ဦးဇိုဘွဲ့၊ ရခိုင်ပြည်နယ်က ဦးညီပုတို့လည်းပါဝင်ကြပါတယ်။

အဲ့ဒီလွှတ်တော်ကိုယ်စားလှယ်တွေထဲက တချို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းဒေသကြီး နဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် တာဝန်ယူမယ့်သူတွေဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတွင်း လူ့အခွင့်အရေးအခြေအနေတချို့ တိုးတက်မှုရှိခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အားနည်းချက်တွေနဲ့အတူ ထောက်ပြစရာ အများအပြားရှိခဲ့တယ်လို့ Equality Myanmar အဖွဲ့ရဲ့ ဒါရိုက်တာဦးအောင်မျိုးမင်း သုံးသပ်ပါတယ်၊ NLD အစိုးရသစ်လက်ထက်မှာ ဖြစ်လာနိုင်တဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဦးအောင်မျိူးမင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။